ရှင်မုတ္ထီးရွာက ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

Author နွယ်နွယ် ၊ မင်းသိမ်း ၊ ကိုကျော်
Categories
Published on Jan 30, 2025

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရှင်မုတ္ထီးကျေးရွာအနီးရှိ  စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို မနေ့က ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

တိုက်ပွဲဖြစ်ပွားချိန် ၅နာရီခန့်အတွင်း စစ်ကောင်စီတပ်သား ၅ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

တိုက်ပွဲအပြီး စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့ကာ ငါးကြင်းမြီး တစ်လက်၊ MA-4 တစ်လက်၊ MA-3 သုံးလက်၊ MA-2 တစ်လက်၊ MA-1 လေးလက်၊ ၆၀(ကွန်မန်ဒို)စိန်ပြောင်း တစ်လက်၊ ၁၄နင်းမိုင်း လေးလုံး၊ လိပ်ခုံးမိုင်း ငါးလုံး၊ လက်ကိုင်ဖုန်း ရှစ်လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီတိုက်ပွဲကို ဒူရကစစ်ကြောင်း၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ် တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF)နဲ့ ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ(၁)က ထားဝယ်လူငယ်လက်ရုံးတပ်၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ထားဝယ်လူငယ်လက်ရုံးတပ်

 

ပုံစာ – ထားဝယ်လူငယ်လက်ရုံးတပ်ဖွဲ့ဝင်များကို မြင်ရပုံ