အမေရိကန်မှာ လူ ၆၀ ကျော် တင်ဆောင်လာတဲ့ ခရီးသည် လေယာဉ်နဲ့ စစ်တပ်ရဟတ်ယာဉ်တိုက်မိ လူအများအပြား သေဆုံးမှာကို စိုးရိမ်နေကြ

Author CJ Platform
Categories
Published on Jan 30, 2025

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က ရေဂင်ဝါရှင်တန်လေဆိပ်နားမှာ မြန်မာစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၈ နာရီ ၁၇ မိနစ်ဝန်းကျင်က အမေရိကန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်က Balck Hawk ရဟတ်ယာဉ်တို့ လေထဲမှာ တိုက်မိပြီး ပိုတိုးမက်မြစ်ထဲကို ပျက်ကျသွားတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

CBS သတင်းဌာနကတော့ ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုပ်အလောင်း ၁၈ လောင်းကို မြစ်ထဲက ဆယ်ယူပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းရင်းမြစ်နှစ်ခုကတော့ ရုပ်အလောင်းအများအပြားကို ရေထဲကဆယ်ယူပြီး ဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

အမေရိကန်လေကြောင်းလိုင်းကတော့ လေယာဉ်ပေါ်မှာ ခရီးသည် အယောက် ၆၀ နဲ့ လေယာဉ်ဝန်ထမ်းလေးဦးတို့ လိုက်ပါလာတယ်လို့ ပြောဆိုသလို ရဟတ်ယာဉ်ပေါ်မှာတော့ စစ်သားသုံးဦး လိုက်ပါလာတယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။

 

အမေရိကန်စစ်တပ်ကတော့ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ရဟတ်ယာဉ်ဟာ ဗာဂျီးနီးယားပြည်နယ် ဖော့တ်ဘယ်လ်ဗွာ အခြေစိုက်စခန်းက စစ်တပ်သုံး UH-60 ရဟတ်ယာဉ်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

အမေရိကန်ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က PSA လေကြောင်းလိုင်းရဲ့ ဒေသတွင်းသုံး ခရီးသည်တင် ဂျက်လေယာဉ်တစ်စင်းဟာ ရေဂင်လေဆိပ်ကို ဆင်းသက်ဖို့ ချဉ်းကပ်လာနေစဉ်မှာ ရဟတ်ယာဉ်နဲ့ လေထဲမှာ တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလေယာဉ်ဟာ ကန်ဆက်ပြည်နယ် ဝီချီတာမြို့ကနေထွက်လာတဲ့ လေယာဉ်နံပတ် ၅၃၄၂ ဖြစ်တယ်လို့လည်း FAA ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဝါရှင်တန်ဒီစီက ကနေဒီစင်တာကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဒေသစံတော်ချိန် ည ၈ နာရီ ၄၇ မိနစ်မှာ ပိုတိုးမက်မြစ်ပေါ်က လေထဲမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်နေတဲ့ လေယာဉ်တစ်စင်း လျင်လျင်မြန်မြန် ထိုးဆင်းနေတာကို တွေ့မြင်ရပါတယ်။

 

ရဲတပ်ဖွဲ့က လေဆိပ်နဲ့ အနီးနားက ပိုတိုးမက်မြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဌာနပေါင်းစုံ ပါဝင်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက်မှာ လေဆိပ်ရဲ့ ခရီးစဉ်ပျံသန်းမှုတွေ အားလုံးကို ရပ်နားထားတယ်လို့လည်း သိရပါတယ်။

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ရေဂင်လေဆိပ်မှာဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မတော်အဆမှုနဲ့ ပတ်သက်ပြီး သူ့ဆီကို အပြည့်အစုံ အကြောင်းကြားမှုတွေ ရခဲ့တယ်လို့ ပြောဆိုပါတယ်။

 

ဒါ့ပြင် သေဆုံးသွားသူတွေအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့သလို အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ်အသေးစိတ် အချက်အလက်တွေ ထပ်ပြီး ပြောပြသွားမယ်လို့ ဆိုပါတယ်။

 

အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံရေးဘုတ်အဖွဲ့ (NTSB) ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ပြောပါတယ်။

 

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အမေရိကန်ခရီးသည်တင် လေယာဉ် မတော်တဆမှု ဖြစ်ခဲ့တာမျိုး မရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မတော်တဆမှု ဖြစ်နိုင်ခြေများလာတာကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

အမေရိကန်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်လေယာဉ်မတော်တဆမှုဟာ ၂၀၀၉ ခုနှစ်မှာ နယူးယောက်ပြည်နယ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါလာတဲ့ လူ ၄၉ ဦးစလုံး သေဆုံးခဲ့သလို မြေပြင်က လူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ- Reuters

 

ပုံစာ- လေယာဉ်မတော်တဆမှုဖြစ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပုံ

 

ကိုးကား- Reuters