ဖားကန့်ကျောက်လုပ်ကွက်တွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်၊လုပ်ငန်းသုံး ကားတွေပါ မီးရှို့

ကချင်ပြည် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအတွင်းမှာ စစ်ကောင်စီက ငွေကြေးညှိနှိုင်းမှုအဆင်မပြေတဲ့ ကျောက်လုပ်ကွက်တွေရှိ လုပ်ငန်းသုံး စက်ယန္တရားတွေနဲ့ မြေသယ်ကားတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာလည်း ကျောက်မျက်ကုမ္ပဏီဝန်းကို တိုက်ခိုက်ခဲ့လို့ နှစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီး ကျောက်မျက်ကုမ္ပဏီဝန်းအတွင်းကို နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကုမ္ပဏီအဆောင်များအားလုံး အမိုးပွင့်ထွက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ကုမ္ပဏီဝန်ထမ်းတွေကတော့ လက်နက်ကြီးပဲ ပြောကြတယ်။ တစ်ချို့က ဒရုန်းကျတယ်လည်း ပြောကြတယ်။ ယမ်းထားတဲ့နေရာတွေအနီးကို ကျတာဆိုတော့ အဲ့ဒါတွေပါ ပေါက်ကုန်တာ” လို့ ဒီအကြောင်း သိရှိသူ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဟာ ကုမ္ပဏီရဲ့ ဖောက်ခွဲရေးယမ်းများထားရာအနီး ကျရောက်ပေါက်ကွဲခဲ့လို့ ယမ်းများ ပေါက်ကွဲခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရာနေရာမှာ အကျယ် ပေ ၄၀ ဝန်းကျင် ကျင်းတစ်ခု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကုမ္ပဏီဟာ အများပိုင် အစုစပ်လုပ်ကိုင်ကြတဲ့ ကျောက်တူးဖော်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝန်ထမ်း တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်ချိန်မှာ လုပ်ကွက်ဆိုဒ်ထဲ သုံးပုံနှစ်ပုံလောက် အလုပ်ဆင်းနေကြတာဖြစ်လို့ သေဆုံးမှုနည်းပါးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေဟာ ကာမိုင်း–ဖားကန့်လမ်းကနေတဆင့် ဖားကန့်မြို့ထဲကို မေလ ၂၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ကျောက်မျက်တူးဖော်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို အကျိုးအမြတ် ညှိနှိုင်းတာမျိုး ပြုလုပ်ခဲ့ကာ အပေးအယူမတည့်တဲ့ ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ဒီကနေ့ မနက်မှာ ၈ နာရီကျော်က မှော်စီစာကျေးရွာအနီး သာယာကုန်းတစ်ဖက်ခြမ်းရှိ (၁၁၁) ကုမ္ပဏီရဲ့ ဘက်ဟိုးတစ်စီးနဲ့ မြေသယ်ကား နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကင်းတဲတွေကိုပါ မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီးရှို့ဖျက်ဆီးမယ့် ကားတွေကို ယမန်နေ့ညကတည်းက ဒီကနေ့ မီးရှို့မယ့်နေရာကို ရွှေ့ထားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း (၁၁၁) ကုမ္ပဏီရဲ့ စားဖိုဆောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ဖားကန့်ကို အင်အားဖြည့်တင်းနေပြီး လုံးခင်း–ဖားကန့်ကြားက မှော်စီစာကျေးရွာ တောင်ပေါ်ကျောင်းမှာ တပ်စွဲထားကြပါတယ်။
ဒါ့အပြင် ယမန်နေ့ညက ကံဆီးဗျူဟာကနေ စစ်ကောင်စီအင်အား တစ်ရာကျော်ခန့် ဆင်းလာနေပြီး ကာမိုင်းလမ်းပေါ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လုံးခင်းယမ်းချက်ကို ရောက်ရှိဖို့ ရှေ့ဆက်တိုးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်