မီဇိုရမ်က ရေဘေးသင့် ချင်းစစ်ဘေးရှောင်တွေ ဘာအကူအညီမှ မရသေး

Author CJ Platform
Categories
Published on Jun 03, 2025

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ရှိ တွီဒင်းနဲ့ ကာကီကျေးရွာရှိ ချင်းစစ်ဘေးရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကုလားတန်မြစ် ရုတ်တရက်ရေကြီးမြင့်တက်လာတာကြောင့် ရေဘေးသင့်ခဲ့ရပြီး ယနေ့အချိန်အထိ အကူအညီတွေပေးခြင်း မရှိသေးလို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကုလားတန်မြစ်ရေ ရုတ်တရက် မြင့်လာတာကြောင့် စစ်ဘေးရှောင်စခန်းက နေအိမ်တွေ မျောပါသွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။

“အကူအညီတောင်းခံနေတဲ့ အဖွဲ့တွေတော့ ရှိနေတာတွေ့ရတယ်။ တချို့ပလက်ဝကို နားမလည်ကြဘူး၊ ကူညီဖို့ အားမပေးချင်တဲ့သူတွေလည်း ရှိနေတယ်။ အခုကတော့ အကုန်ဒုက္ခရောက်နေတာ” လို့ ဒေသခံ စစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ ကျောင်းဆောင်၊ ခန်းမဆောင်၊ အသိမိတ်ဆွေအိမ်တွေမှာ နေထိုင်နေကြရပြီး လိုအပ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ရေဘေးသင့် စစ်ဘေးရှောင်တွေဟာ အခြေခံစားသောက်ကုန်တွေကို အရေးပေါ်လိုအပ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

 

“ဆန်၊ ဆီ၊ ဆား၊ ငပိ၊ အချိုမှုန့်တွေလိုအပ်တာပေါ့။ သောက်သုံးရေလည်း လိုအပ်တယ်။ တော်တော် ဒုက္ခရောက်နေကြတာ” လို့ ဒီအကြောင်းသိရှိသူ ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

 

ရေကြီးမျောပါမှုကြောင့် တွီဒင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၈ လုံး ရေထဲမျောပါသွားသလို နေအိမ် ၄၅ လုံးအနည်းငယ် ပျက်စီးတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကာကီစစ်ဘေးရှောင်စခန်းမှာလည်း အိမ်ခြေ ၆၉ လုံး ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်တချို့ ဖျားနာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မြစ်ရေ အနည်းငယ် ပြန်ကျသွားပေမဲ့ ပြန်လည်နေထိုင်လို့ မရသေးသလို၊ ရေဘေးသင့် စစ်ဘေးရှောင်တွေ အနေနဲ့ အခြေခံစားသောက်ကုန်တွေနဲ့အတူ ဆန်၊ ဆီ၊ ဆား၊ သောက်သုံးရေ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ (အိုးခွက်၊ ပန်းကန်) စတာတွေလိုအပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု လည်း လိုအပ်နေပါတယ်။

 

ဓာတ်ပုံ – Paletwa IDPs and Humanitarian Supporting