တရုတ်နိုင်ငံကြားဝင်မှုနဲ့ TNLA နဲ့ စစ်ကောင်စီတို့ ဆွေးနွေးပွဲအပြီး စစ်ကောင်စီက မိုးကုတ်ကို ဗုံးကြဲ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ကြား အပစ်ရပ်ဆွေးနွေးပွဲ အပြီး မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဒီကနေ့ မေလ ၃ ရက်နေ့မှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီက မနေ့ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ နောက်တစ်ကြိမ် မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပြည်သူလူထုနေထိုင်ရာ နေရာတွေကို လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချတဲ့ လုပ်ရပ်တွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်ရာမှာ မနေ့က မေလ ၂ ရက်နေ့မှာ ပေါင် ၂၅၀ ဗုံး နှစ်လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့လို့ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနဲ့ နေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့ရပြီး ဒီကနေ့မနက်မှာ ထပ်မံဗုံးကြဲခဲ့တာကြောင့် မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကိုကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီက တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို ပြန်တောင်းခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ပဲ ဖြစ်ခဲ့ရပါတယ်။
အဲဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းကိုယ်တိုင် ကမကထပြုကြိုးပမ်းနေတာဖြစ်ပြီး ဆွေးနွေးပွဲ အဆင်မပြေတာကြောင့် လာမယ့်ဩဂုတ်လမှာ အပစ်အခတ်ရပ်စဲဖို့ ထပ်မံတွေ့ဆုံမှာဖြစ်တယ်လို့ PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံအားကိုးနဲ့ ပြန်လည်လွှဲပြောင်းရယူခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းစကားတွေအရ စစ်ကောင်စီတပ်တွေနဲ့ MNDAA တပ်တွေ ဆင်နှစ်ကောင်ဟိုတယ်မှာ ဆွေးနွေးမှုပြုလုပ်စဉ် စစ်ကောင်စီဘက်က သိန္ဒီမြိုကို ထပ်မံတောင်းခံခဲ့ပြီး ကျောက်မဲမြို့က TNLA ဆုတ်ခွာရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အပြင် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသလို အဆိပ်ငွေ့သုံးဗုံးတွေနဲ့ပါ ကြဲချတိုက်ခိုက်လျက်ရှိနေပါတယ်။
စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးပွဲ မအောင်မြင်ပါက လေကြောင်းကနေ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး လားရှိုးမြို့ကို ပြန်ပေးဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ကိုးကန့်တပ်တို့နဲ့ ဆွေးနွေးမှုမအောင်မြင်ခင်ကလည်း လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
နွေဦးတော်လှန်ရေးအရွေ့နဲ့ အပြိုင်အဆိုင် ပေါ်ပေါက်လာနေတဲ့ နိုင်ငံရေး အစုအဖွဲ့တွေကြားမှာတော့ လားရှိုးမြို့ လက်လွှတ်လိုက်ရခြင်းက တရုတ်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ပတ်သတ်ပြီး ဧပြီလ တစ်လတာ လှုပ်ရှားမှုအခြေအနေတွေကို မနက်ဖြန် ဧပြီလ ၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲ တချို့ကို သိနိုင်ဖွယ်ရှိနေပါတယ်။
ဓာတ်ပုံ – PSLF/TNLA