ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်းမှူး နဲ့ CDM ကျန်းမာရေးဆရာမ တစ်ဦး ကျည်ဒဏ်ရာတွေနဲ့ သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြန်လှည့်ကျေးရွာမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်းမှူး ကိုဖိုးစီဟာ CDMကျန်းမာရေးဝန်ထမ်းဆရာမ တစ်ဦးရဲ့ နေအိမ်မှာ ဆရာမလေးနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ညက သေနတ်ကျည်ဒဏ်ရာ တွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အဲဒီသေဆုံးမှုနဲ့ ပတ်သတ်ပြီး တပ်ရင်းမှူး ကိုဖိုးစီနဲ့ ကျန်းမာရေး CDM ဆရာမလေးတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ကာ အချင်းများရာကနေ ကိုဖိုးစီက ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို လူ လေးဦးက ဝင်ရောက်ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
“ ကျွန်တော်သိသလောက်တော့ သူက ကောင်မလေးကို ဝင်ခေါ်တာ။ မလိုက်လို့ ပစ်သတ်တာလို့ ကြားတယ်၊ ဘယ်လို အဆင်မပြေတာတွေရှိလည်းတော့ မသိဘူး။ ပြီးသူ့ကိုယ်သူသတ်သေတယ်။ တခြားသူကသတ်တယ် ဟုတ်မဟုတ်တာ့ သေချာမသိဘူး “ လို့ ဒေသခံ အမျိုသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ဖြစ်စဉ်အတွင်း သူ့ကိုယ်သူသတ်တယ်ဆိုတာတော့ မျက်မြင်သက်သေ ကောင်မလေး အဖွားရှိတယ်တော့ကြားတယ် လို့ သူကဆက်ပြောပါတယ်။
သေဆုံးမှုအတွင်း တပ်ရင်းမှူး ကိုဖိုးစီက ရင်ဘတ်မှာ ကျည်ဒဏ်ရာနှစ်ချက်၊ နံချောင်မှာ ဖောက်ထွက်ဒဏ်ရာတစ်ခု ရရှိခဲ့ပြီး ကျန်းမာရေးဆရာမလေကတော့ ခေါင်းနဲ့ ရင်ဘတ်မှာ တစ်ချက်စီ ဒဏ်ရာတွေနဲ့ နေရာမှာပင် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာမှာ အသုံးပြုတဲ့ သေနတ်က G 3 အမျိုးအစားဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ယင်းမာပင်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီး လက်နက်၊ ကျည်နဲ့ ဖုန်းတွေကို သိမ်းဆည်းသွားခဲ့သလို ဆေးစစ်ချက်လည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သံကြားပီးနောက် ဆိုင်ကယ်၂ စီးနဲ့ လူ (၄) ယောက် သေနတ် (၃) လက်နဲ့ ထွက်သွားတာကို တွေ့မြင်ခဲ့ရပြီး မြောက်ယမားဂိတ်တစ်ခုကို ဖြတ်သန်းသွားတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် တပ်ရင်းမှူးဟာ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာဟာ သတင်းလွှင့်နေတာ သက်သက် ဖြစ်တယ်လို့လည်း ဒေသခံအချို့က ပြောဆိုနေကြပါတယ်။
“ နှစ်ယောက်လုံးက မြေကြီးပေါ်က ရုပ်ပျက်ကြီး။ အခုဒဏ်ရာက ရင်ဝကနေ လက်အောက်ကို ထွက်တာ ကျည်က။ ပီးတော့ နှစ်ချက်ကြီးဆိုတော့ စဉ်းစားစရာတွေဖြစ်နေတာ “ လို့ ဒီအကြောင်းသိရှိသူ ကနီမြို့နယ်ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
နောက်တခုက ကိုယ့်ကိုကိုယ် သတ်သေတဲ့ ဖြစ်စဉ်တော်တော်များများက မေးကနေဖောက်တယ်၊ နားထင်တွေပစ်တယ် နှစ်ချက်ပစ်ဖို့လည်း မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်ရင်းမှူဟာ ယခင်ကနီမြို့နယ် အခြေစိုက် B-21 PDF တပ်ရင်းမှူးဖြစ်သလို ပြည်သူကာကွယ်ရေး တပ်ဖွဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်းမှူးဖြစ်တယ်လို့ သိရပြီး လုပ်ဖော်ကိုင်ဖက် တော်လှန်ရေးသမားတွေနဲ့ သဟဇာတ ဖြစ်ကာ လူချစ်လူခင် ပေါများသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနဲ့ မိသားစုဝင်များကို တပုန်းရွာနေအိမ်တွင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့ ဒီကနေ့အထိ ကျူးလွန်သူ တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
ဓာတ်ပုံ – ပေးပို့