ချင်းပြည်တောင်ပိုင်းက ဝဥတောင်သူတွေ စစ်ဆေးရးဂိတ်တွေမှာ အခွန်ဆောင်နေရတာကြောင့် အခက်ကြုံနေ

ချင်းပြည်တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးလာပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်အတွင်းကစပြီး ဒေသခံတွေ စီးပွားဖြစ် စိုက်ပျိုးထားတဲ့ ဝဥဈေးကွက် ပြန်လည်ပေါ်ပေါက်လာပေမဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ဂိတ်ကြေးခွန်ပေးဆောင်နေရတာကြောင့် ဝဥတောင်သူတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝဥဈေးနှုန်း ကျဆင်းသွားတဲ့အပြင် ဂိတ်ကြေးကောက်ခံနေတဲ့ ဂိတ်တွေ အများအပြားရှိနေတာကြောင့် အမြတ်မကျန်သလောက်ဖြစ်ပြီး ဝင်ငွေနည်းပါးနေရတယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးတပ်ဖွဲ့တွေက ဂိတ်ဖွင့်ပြီး ဂိတ်တိုင်းလိုလိုမှာ ဘီးခွန်၊ ပစ္စည်း ခွန်တွေ နှစ် ရာခိုင်နှုန်း ပေးဆောင်နေရတာ။ သယ်တဲ့ ပိဿာပေါ်မူတည်ပြီး တောင်းကြတယ်” လို့ ဒီအကြောင်းသိရှိသူ ဒေသခံ တစ်ဦးက CJ Platform ကိုပြောပါတယ်။
အရင်က ဝဥ တစ်ပိသာ ၁၅၀၀၀/၂၀၀၀၀ ကျပ် ရှိရာကနေ အခုအခါမှာ ၉၀၀၀/၁၀၀၀၀ ကျပ် လောက်သာရှိတာကြောင့် ပေးရတဲ့ ဂိတ်ကြေးတွေနဲ့ အလုပ်သမားခ သာသာလောက်ကျန်ပြီး ဈေးနှုန်းမကိုက်ဖြစ်နေရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်မှာ တချို့ စိုက်ခင်းတွေပိုးကျတာမျိုးတွေလည်း ရှိနေပြီး ကုန်သည်တွေက ဂိတ်ကြေးပေးဆောင်ရတာကို အကြောင်းပြကာ ဈေးကစားနေတယ်လို့ တောင်သူတစ်ချို့က ယူဆနေကြပါတယ်။
ဝဥကို ချင်းပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့တွေက ဒေသခံတွေဟာ စီးပွားဖြစ် အဓိကစိုက်ပျိုးကြပါတယ်။ ဝဥကို နှစ်စဉ် ဧပြီနဲ့ မေလတွေမှာ စတင်စိုက်ပျိုးလေ့ရှိပြီး ဇွန်နဲ့ ဇူလိုင်လတွေမှာ တစ်ကြိမ်၊ အပင်ခြောက်ချိန် ဒီဇင်ဘာကနေ မတ်လအထိ ဖော်ကြတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
ချင်းပြည်က ဝဥကို မကွေးတိုင်း၊ မကွေး၊ ဆော၊ ကျောက်ထုတို့ကနေတစ်ဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန် စတဲ့မြို့တွေဆီ တင်ပို့ကြပါတယ်။ အဓိက ဝယ်လက်ကတော့ တရုတ်နိုင်ငံသားတွေ အဝယ်များတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်