တစ်လအတွင်း TNLA ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက  လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်ဦး ကျော်သေဆုံး

Author မင်းသိမ်း
Categories
Published on Feb 03, 2025

ရှမ်းပြည်မြောက်ပိုင်းရှိ PSLF/TNLA သိမ်းယူထားတဲ့ မြို့တွေကို ဇန်နဝါရီလ တစ်လအတွင်းမှာပဲ စစ်ကောင်စီက လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃)ဦး သေဆုံးပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

မိုးကုတ်မြို့အရှေ့ပိုင်းကို ဇန်နဝါရီ ၈ ရက်နေ့ မှာ စစ်ကောင်စီက လေယာဉ်နဲ့  ဗုံး (၂၀)လုံးခန့်  လာရောက်ကြဲကျတိုက်ခိုက်တာကြောင့် နေအိမ် ငါးလုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း နဲ့ မော်တော်ယာဥ် တစ်စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ရက်မှာ နောင်ချိုမြို့ကို ဂျက်ဖိုက်တာနဲ့  ဗုံး လေးလုံး လာရောက်ကြဲချရာ အမျိုးသားငါးဦးနဲ့ အမျိုးသမီး လေးဦးသေဆုံးပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အပြင် နေအိမ်ကိုးလုံး နဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကျောက်မဲမြို့နယ်ကိုလည်း      စစ်‌‌ကောင်စီက  ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၂၅ ရက်မှာဗုံး လေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သေးတာကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးပြီး အမျိုးသား ငါးဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဟာ တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းကို အသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ PSLF/TNLAက ဆိုပါတယ်။

 

ဓာတ်ပုံ – TNLA