အဓမ္မစစ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းတွေနဲ့တကွ ရွှေဘို ပကဖထံ အလင်းဝင်

Published on Feb 03, 2025

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေက အဓမ္မစစ်သားစုဆောင်းခံရသူတစ်ဦးဟာ လက်နက်ခဲယမ်းတွေကို ယူဆောင်လာပြီး ရွှေဘိုမြို့နယ် ပကဖထံကို အလင်းဝင်ရောက်လာခဲ့တယ်လို့ ရွှေဘို ပကဖက သတင်းထုတ်ပြန်လာပါတယ်။

ရွှေဘိုမြို့နယ် တိုက်နယ် အမှတ်(၆) နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၂) ခြေမြန်တပ်ရင်းကနေ ဇန်နဝါရီ ၂၀ရက်နေ့မှာ ထွက်ပြေးလာခဲ့ပြီး MA3 (၁)လက်၊ ကျည်ဘောက် (၄)ခု၊ ၅ဒသမ၅၆ ကျည် (၁၀၈)တောင့်၊ လက်ပစ်ဗုံး (၄)လုံးနဲ့အတူ ထွက်ပြေးလာခဲ့ပြီး အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်သူကို ရွှေဘို ပကဖက ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး ဂုဏ်ပြုဆုငွေတွေကိုလည်း ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအနေနဲ့လည်း အလင်းဝင်ရောက်လိုပါက အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနဲ့ လူ့အခွင့်အရေးနဲ့အညီ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ရွှေဘို ပကဖက ဆိုပါတယ်။

 

ဓာတ်ပုံ – ရွှေဘိုပကဖ