ဟားခါးမြို့ထဲ တိုက်ပွဲတွေကူးစက်လာမှာ မြို့ခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်နေ
ချင်းပြည်၊ ဟားခါး-ထန်တလန်ကြား ချင်းအမျိုးသားတပ်မတော်(CNA/CNF)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြားက တိုက်ပွဲတွေ ဟားခါးမြို့ထဲ ကူးစက်လာမှာကို မြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ CJ Platform ကို ပြောပါတယ်။
CNA တပ်ပေါင်းစုက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး ‘ယေရိခေါ’ အမည်နဲ့ စစ်ဆင်ရေးဖော်ဆောင်ကာ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
“ချင်းပြည်မြောက်ပိုင်းမှာဆို ကျွန်တော်တို့ ဟားခါးမြို့တွင်းလောက်ပဲ တိုက်ပွဲမရှိတာပါ။ အဲဒါကြောင့်လည်း တခြားမြို့နယ်တွေက ပြည်သူတွေ ဟားခါးမြို့မှာပဲ စစ်ဘေးရှောင်လာကြတယ်။ ဟားခါးမှာတိုက်ပွဲဖြစ်ရင် ကျွန်တော်တို့မှာ ပြေးစရာနေရာလည်းမရှိတော့ဘူး။ စစ်ဘေးရှောင်တွေလည်း အတော်ဒုက္ခရောက်ကြမှာဖြစ်တယ်။ အဲဒီအတွက် မြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေက စိုးရိမ်နေကြရတာဖြစ်ပါတယ်” လို့ အသက် ၅၀ နှစ်အရွယ် ဟားခါးဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဟားခါးမြို့မှာ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ စတဲ့မြို့တွေက စစ်ဘေးရှောင် နှစ်ထောင်ကျော် ခိုလှုံနေထိုင်ကြတယ်လို့ အဲဒီကစစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးနေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ ခုခံနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဟားခါး-ထန်တလန်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဟားခါးမြို့တွင်း လူစည်ကားတဲ့နေရာတွေမှာ အစစ်အဆေးတင်းကျပ်နေသလို လမ်းဆုံ၊ လမ်းခွနေရာတွေမှာလည်း လုံခြုံရေးတွေချထားပြီး နေ့/ည မပြတ် အင်အားအများအပြားသုံးပြီး ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
‘ယေရိခေါ’ စစ်ဆင်ရေး ၁၀ ရက်အတွင်း ဟားခါး-ထန်တလန်ကြားက စစ်ရေးအရအရေးပါတဲ့ ကီယမ်တောင်တပ်စခန်းအပါအဝင် ပွိုင့် ၃ စခန်း၊ တီမစ်ချောင်းစခန်းနဲ့ အူမ်ပိုပွတ်နတ်စခန်း စတဲ့တပ်စခန်း လေးခုကို သိမ်းပိုက်ရရှိထားတယ်လို့ CDF-Hakha တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
“ဟားခါးမြို့နယ်ထဲက စခန်းနှစ်ခုနဲ့ ထန်တလန်မြို့နယ်ထဲက စခန်းနှစ်ခု စုစုပေါင်း စခန်းလေးခုပါ။ ပွိုင့် ၃ တပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိထားပြီး ကျန်တဲ့တပ်စခန်း သုံးခုကို နိုဝင်ဘာလ ၃၀ ရက်နေ့က သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။
ကျွန်တော်တို့အခုဖော်ဆောင်နေတဲ့ စစ်ဆင်ရေးရဲ့အဓိကရည်မှန်းချက်က ဟားခါးကနေ ထန်တလန်ကို စစ်ကူမပို့နိုင်အောင် ဟားခါး-ထန်တလန်ကြား ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်” လို့ CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဟားခါးမြို့အနီးက စစ်ကောင်စီတပ်ရဲ့ ကီယမ်တောင်တပ်စခန်းသိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ ထန်တလန်ကို စစ်ကူပို့နိုင်မှာမဟုတ်သလို စစ်ကူတွေကိုလည်း အလွယ်တကူတားဆီးနိုင်ပြီဖြစ်ပြီး ဟားခါး-ထန်တလန်ကြား တပ်စခန်းအားလုံးကို CC လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထားပါတယ်။
ယေရိခေါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးအဆင့်ရှိသူ နှစ်ဦး၊ ရဲအရာရှိ လေးဦးတို့အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး တိုက်ပွဲတွင်း ၁၁ ဦး လက်နက်ချအလင်းဝင်ကာ ၁၉ ဦးထက်မနည်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အထက်ပါ CDF-Hakha တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီထံက MA -11 ၁၁ လက်၊ MA 1 ခြောက်လက်၊ MA 3 သုံးလက်၊ MA -4 နှစ်လက်၊ MA -12 နှစ်လက်၊ RPG နှစ်လက်၊ 60 MM နှစ်လက်၊ G 3 တစ်လက်နဲ့ ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဟားခါးမြို့ကို လေကြောင်းကနေ တပ်အင်အား ၂၀၀ ခန့် လေထီးနဲ့ ချပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ထန်တလန်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့မြင်ရစဥ်(ပုံဟောင်း)