ပန်းရောင်ကတ်(ခ)ဘတ်ဖွင့်တော့မှာနဲ့ပတ်သက်ပြီး ထိုင်းရောက် အထောက်အထားမဲ့မြန်မာတွေ ဘာပြောလဲ?
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်မှုမြင့်တက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေညာအပြီးမှာတော့ ပိုမိုဆိုးရွားလာခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းအမျိုးမျိုးကနေ သွားရောက်လုပ်ကိုင်မှုတွေ အများအပြားရှိခဲ့သလို ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ဆိုသလို ကြားသိနေခဲ့ရတာပါ။
အခုတော့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ထိုင်းအစိုးရက လုပ်ဆောင်ပေးပါတော့မယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး CJ Platform က တရားမဝင်ရောက်ရှိလာတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဘတ်လုပ်လို့ရမယ်ဆိုတော့ လုပ်တော့လုပ်ချင်တာပေါ့။ ဒါပေမဲ့လည်း အဲဒီလောက် ငွေကြေးကြတော့ မတတ်နိုင်ဘူး။”
မဲဆောက်မြို့ရောက် ကိုအောင်ဖြိုး
ဘတ်ဖွင့်မယ်ကြားတော့ စိတ်ထဲတော့ပျော်မိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့်မှာ ဝမ်းမသာနိုင်ဘူး။ စစ်မှုထမ်းရမယ်ဆိုလို့သာထွက်လာရတာ၊ ဒီမှာအလုပ်လုပ်မယ်ဆိုပြီး ရှိစုမဲ့စုရောင်းချပြီးထွက်လာတာ ဒီရောက်တော့ တရားဝင်အထောက်အထားမရှိတော့ အလုပ်အကိုင်ရှားတယ်။ ရရာ ကော့ဆန်း(ပန်းရံ) အလုပ်ဝင်လုပ်ရင်းနဲ့ ဒီလိုပဲရပ်တည်နေရတာ။ တစ်နေ့မှ ဘတ် ၂၀၀ လောက်ပဲရတာဆိုတော့ လင်မယားနှစ်ယောက် စားဖို့နေဖို့ ပဲရတယ်။ အပိုလည်း မစုနိုင်ဘူး။ အလုပ်ကလည်း နေ့တိုင်းမရှိဘူးလေ။ ဘတ်လုပ်လို့ရမယ်ဆိုတော့ လုပ်တော့လုပ်ချင်တာပေါ့။ ဒါပေမဲ့လည်း အဲဒီလောက် ငွေကြေးကြတော့ မတတ်နိုင်ဘူး။ ဒီနှစ်မလုပ်နိုင်ပေမဲ့ နောက်နှစ်တော့ လုပ်နိုင်မယ်ထင်တာပါပဲ။ ဒါတောင် တစ်ယောက်ပြီးမှ တစ်ယောက်လုပ်ရမှာ။ နှစ်ယောက်စလုံး အလုပ်ရှိရင်တော့ ပိုပြီး စုဆောင်းနိုင်မှာပေါ့။ အခုက ကျွန်တော် တစ်ယောက်ပဲ လုပ်စာရှိတော့ ဖြေးဖြေးချင်းပဲ စုနိုင်မှာ။ လောလောဆယ်တော့ ကျွန်တော်က ရဲကတ်လုပ်ထားတယ်။ မိန်းမအတွက်တော့ လုပ်မထားနိုင်သေးဘူး။ ဘတ်လုပ်နိုင်ဖို့က ဝေးပါသေးတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ လုပ်ကြမှာပေါ့။ ကျွန်တော်တို့တော့ အခုမှ စုတုန်းပါ။
“အခုလို ဘတ်တွေပြန်ဖွင့်တော့မယ်ဆိုတော့ ဒီမှာ ရပ်တည်ရှင်သန်ဖို့ အလုပ်အကိုင်တစ်ခုခု ရှာလို့ရတော့မယ်ဆိုတဲ့စိတ်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်လို့ခံစားရပါတယ်။”
မဲဆောက်မြို့ရောက် ကိုကျော်ဇင်ဖြိုး
ဘတ်ဖွင့်မှာကို စောင့်မျှော်နေကြတဲ့ ဘဝတူတွေအတွက်လည်း ပျော်မိပါတယ်။ ဒီသတင်းလေး အတည်ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။ ရက်ထပ်မရွှေ့သွားဖို့ကိုလည်း ဆုတောင်းပါတယ်။ ဘတ်ဖွင့်ပေးတဲ့အတွက်လည်း ပျော်တယ်။ မျှော်လင့်ချက်ရောင်ခြည်လေးကို စပြီးမြင်ရလိုက်သလိုပါပဲ။ အလုပ်လက်မဲ့ဘဝနဲ့ ရှစ်လနီးပါးနေလာရတာ စိတ်ဓာတ်တွေ ဟိုးအဆုံးအထိကျနေတာပါ။ အခုလို ဘတ်တွေပြန်ဖွင့်တော့မယ်ဆိုတော့ ဒီမှာ ရပ်တည်ရှင်သန်ဖို့ အလုပ်အကိုင်တစ်ခုခု ရှာလို့ရတော့မယ်ဆိုတဲ့စိတ်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်လို့ခံစားရပါတယ်။ ဘတ်မဖွင့်ခင်ကဆို နေ့ရက်တိုင်းကို စိတ်ဓာတ်တွေ ပြိုလဲပြီး ရှင်လျက်နဲ့ သေနေသလိုခံစားခဲ့ရတာ။ အိမ်က ပိုက်ဆံတဆာဆာတောင်းပြီး ဖြတ်သန်းခဲ့ရတာလေ။ ရတဲ့အလုပ်ထွက်လုပ်မယ်ကြံပေမဲ့လည်း အဖမ်းအဆီးတွေကြောက်ရသေးတယ်။ အဖမ်းအဆီးတွေကြောင့်လည်း ထွက်ပြေးခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းတော့ပါဘူး။ ဘတ်ရှိပြီးသား၊ အလုပ်ရှိပြီးသား သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို Social Media တွေမှာ မြင်ရတိုင်း ကိုယ့်ဘဝကို အားငယ်မိ သိမ်ငယ်မိပါတယ်။ သူများတွေ အိမ်ကို ပြန်ထောက်ပံ့နေရချိန် ကိုယ်က အိမ်ကနေ လစဉ်လက်ဖြန့်တောင်းနေရတဲ့ ခံစားချက်ကြီးက ရှက်ရွံ့သိမ်ငယ်ရတာပေါ့။
“ဘတ်ဖွင့်မယ်ဆိုတော့ ပိုက်ဆံကမရှိဘူး။”
ဆမွတ်ပရာကန်ခရိုင်ရောက် ကိုသော်ဇင်
ဘတ်ဖွင့်မယ်ဆိုတော့ ပျော်တော့ပျော်တယ် ပျော်မောကြီးပါ။ ရောက်နေတာ ၁၀ လလောက်ရှိပြီလေ။ အလုပ်ကလည်း မယ်မယ်ရရ မရှိ၊ ရတဲ့ အလုပ်လုပ်တော့လည်း အနှိမ်ခံရတယ်လေ။ ရောက်ရောက်ချင်း ပေါင်မုန့်လုပ်တဲ့ဆီလုပ်တယ်။ အဆင်မပြေလို့ ဝိစက်ရုံမှာပြောင်းလုပ်တယ်။ တစ်နေကုန်နေပူထဲလုပ်ရပြီး မယ်မယ်ရရ ငွေမရဘူး။ အဆင်မပြေတာနဲ့ ထွက်လာတာ။ လက်ရှိတော့ သူငယ်ချင်းနဲ့ ကပ်နေရတယ်။ ဘတ်ဖွင့်မယ်ဆိုတော့ ပိုက်ဆံကမရှိဘူး။ ပွဲစားကို အပ်ထားတာတော့ရှိတယ်။ စရံ ၂၀၀၀ ပေးထားတော့ Name List တော့ ရမယ်ထင်တယ်။ အဲဒီ Name List နဲ့ အလုပ်တော့ရှာရမှာပေါ့။ အလုပ်ရရင်တော့ ကျန်တာအဆင်ပြေသလောက်ဖြစ်ပါပြီ။ ခုထိတော့ အိမ်ကိုပြန်မပေးနိုင်သေးဘူး။
“ဘတ်မရှိလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာကိုယ်ရှာဖွေစားသောက်နေရတာပဲလေ။”
မဲဆောက်မြို့ရောက် ကိုဖြိုး
ဘတ်ဖွင့်တော့မယ့်အပေါ်တော့ သိပ်ပြီးမျှော်လင့်မထားတော့ဘူး။ ဘတ်မရှိဘဲ အခက်အခဲတွေကြားထဲ နေလာခဲ့ပြီးပြီပဲဆိုတော့ ဘတ်ရလည်း ကိုယ့်အတွက် ဘာမှထူးခြားလာမယ်မထင်ဘူး။ အခုလည်း အခက်အခဲတွေကြားထဲကနေ ကိုယ့်အတွက် အန္တရာယ်မရှိအောင် ကြိုးစားပြီးနေနေတာပဲလေ။ ဘတ်ရလာတော့ရော အလုပ်အကိုင်အခွင့်အလမ်းက ရမှာလား၊ ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အလုပ်မှာဆိုရင် ဘတ်တစ်ခုတည်းတော့မဟုတ်ဘူး။ ဘာသာစကားတွေကရော ကိုယ့်မှာမရှိဘူးလေ။ ဘတ်မရှိလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာကိုယ်ရှာဖွေစားသောက်နေရတာပဲလေ။ ဘတ်မရှိတော့ အသွားအလာအနေအထိုင်ကအစ သူများတွေလို ရဲရဲဝံ့ဝံ့ မသွားလာရဘူး။ သိမ်သိမ်ငယ်ငယ်နဲ့ ခိုးကြောင်ခိုးဝှက်နေနေရတာတော့ ဘတ်မရှိတဲ့သူတိုင်းခံစားရမှာပဲလေ။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)
ပုံစာ – ဒီနှစ် ၂၀၂၄၊ ဖေဖော်ဝါရီလအတွင်းကစတင်ဖွင့်လှစ်ခဲ့တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity-CI)လာရောက်လုပ်ကိုင်နေသူတွေကိုတွေ့မြင်ရစဉ်