ရုရှားက စစ်အသုံးစရိတ် စံချိန်တင်မြှင့်တင်၊ ကာကွယ်ရေးအတွက် အစိုးရအသုံးစရိတ်ရဲ့ သုံးပုံတစ်ပုံကျော် သုံးစွဲမယ်လို့ဆို

Author CJ Platform
Categories
Published on Dec 03, 2024

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် အသုံးပြုမဲ့ ဘတ်ဂျက် အစီအစဉ်တစ်ခုကို အတည်ပြုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်နီးပါးအတွင်း နှစ်ဘက်စလုံးဟာ ရှိသမျှ အရင်းအမြစ်အကုန် ကုန်ခမ်းခုနီးနီး အခြေအနေမှာ ပူတင်က အခုလိုမျိုး စစ်အသုံးစရိတ်ကို  စံချိန်တင် အသုံးပြုမဲ့ ဘတ်ဂျက်အစီအစဉ်ကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က  ထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျက်အစီအစဉ်အရ ၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံ (ရုရှား ရူဘယ်ငွေ ၁၃ ဒသမ ၅ ထရီလီယံ) အသုံးပြုဖို့ သတ်မှတ်ထားပြီး အစိုးရ အသုံးစရိတ်ရဲ့ ၃၂ ဒသမ ၅ ရာခိုင်နှုန်း နီးပါးအထိ ရှိပါတယ်။

 

ဒါဟာ အခုနှစ် ၂၀၂၄ မှာ စံချိန်တင်အသုံးပြုထားတဲ့ စစ်အသုံးစရိတ်ထက် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ (ရူဘယ် သုံး ထရီလီယံ) ပိုများခဲ့ပြီး နောက်လာမယ့် ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာတော့ စစ်အသုံးစရိတ်ကို အနည်းငယ် လျှော့ချသွားမယ်လို့ သုံးနှစ်တာ ဘတ်ဂျက်အစီအစဉ်အရ သိရပါတယ်။

 

လက်ရှိမှာ ရုရှားရဲ့ စီးပွားရေး အခြေအနေဟာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေပြီး အလုပ်သမား ရှားပါးမှု ပြဿနာတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုလို ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့  ရုရှား ဗဟိုဘဏ်ကလည်း အတိုးနှုန်းကို ၂၁ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ရပြီး ဒါဟာ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံး အတိုးနှုန်းလည်း ဖြစ်ပါတယ်။

 

အခြားတစ်ဘက်မှာတော့ ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက စစ်ဘက်ဆိုင်ရာ အကူအညီတွေ ဆက်လက်ရရှိနေပြီး ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်က ယူကရိန်းကို ယူရို သန်း ၆၅၀ (အမေရိကန်ဒေါ်လာ ၆၈၄) သန်း တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။

 

ရုရှားဘက်မှာတော့ မြောက်ကိုရီးယားက အားပေးကူညီနေပြီး မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ဝန်းကျင်ဟာ ရုရှားစစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေသလို ယူကရိန်းကို ပစ်ခတ်တဲ့ ဒုံးကျည်တွေရဲ့ သုံးပုံတစ်ပုံဟာ မြောက်ကိုရီးယားထုတ် လက်နက်တွေဖြစ်တယ်လို့ ယူကရိန်း စစ်ဘက်တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံးစစ်ပွဲ ဖြစ်ပြီး လက်ရှိမှာ ရုရှားတပ်တွေဟာ ရှေ့တန်းစစ်မြေပြင်တချို့မှာ အသာရနေတာတွေ ရှိပေမဲ့ ကာ့ရှ်ဒေသမှာတော့ ယူကရိန်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်နေရပါတယ်။

 

စစ်ပွဲဟာနှစ်ဘက်စလုံးကို တဖြည်းဖြည်းပင်ပန်းအားလျော့လာစေတဲ့ ရှည်ကြာတဲ့ စစ်ပွဲအဖြစ် ပုံစံပြောင်းနေပြီး ယူကရိန်းကတော့ လူအင်အားရော လက်နက်ခဲယမ်းပိုင်းမှာပါ အားနည်းနေပေမဲ့ အနောက်နိုင်ငံတွေဆီက ဒေါ်လာဘီလီယံနဲ့ ချီတဲ့ အကူအညီတွေ ရရှိနေပါတယ်။

 

ဒါပေမဲ့ အမေရိကန်မှာ သမ္မတအသစ် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်မှာတော့ လက်ရှိ ယူကရိန်းအပေါ် အကူအညီပေးနေမှုဟာ ဘယ်လောက်အထိ ဆက်ရှိနေမလဲဆိုတာကတော့ မသေချာ မရောရာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ထရမ့်ဟာ လာမယ့်နှစ်မှာ သူသမ္မ ရာထူးရယူပြီးတာနဲ့ ရုရှား-ယူကရိန်း စစ်ပွဲ အမြန်ဆုံး ရပ်တန့်သွားအောင် ဆောင်ရွက်မယ်လို့‌ ကြွေးကြော်ထားပါတယ်။

 

ရုရှားဘက်ကတော့ လူအင်အားပြဿနာတွေ ကြုံတွေ့နေရသလို စစ်သားစုဆောင်းဖို့ နည်းမျိုးစုံ သုံးခဲ့ပေမဲ့ ထောင်နဲ့ချီတဲ့ လူတွေကတော့ နိုင်ငံပြင်ပကို ထွက်ပြေးနေတာကြောင့် လူသစ်စုဆောင်းရေးအတွက် အတော်လေး အကျပ်ရိုက်နေပါတယ်။

 

ဓာတ်ပုံ – Sputnik/Mikhail Metzel/Pool

 

ကိုးကား – CNN