ဧည့်တွေ့ မခံတဲ့ ရွှေဘိုထောင်မှာ ကျပ်သုံးသိန်းပေးရင် ထောင်ပိုင်ရုံးခန်းမှာ နာရီဝက် တွေ့ခွင့်ရ

Author လဂွန်းအိမ်
Categories
Published on Dec 03, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေ ဧည့်တွေ့ခွင့်ကို ပိတ်ထားခဲ့ပြီးနောက် နိုဝင်ဘာလ လဝက်လောက်က စတင်ကာ ထောင်ပိုင်ကို ကျပ်သုံးသိန်းပေးပြီး နာရီဝက် ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပြီး ငွေပေးနိုင်သူက ထောင်ပိုင်ရုံးခန်းမှာ တွေ့ခွင့်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“တွေ့တဲ့သူတွေကို အပြစ် မပြောလိုပါဘူး။ ထောင်ပိုင်အနေနဲ့ အကျဉ်းသားအခွင့်အရေး ပေးရမယ့်နေရာမှာ ကိုယ်ကျိုးစီးပွား ရှာနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် အခြေခံလူတန်းစားတွေအတွက် ဧည့်တစ်ခါတွေ့ခွင့်ရဖို့အတွက် ငွေကျပ် သုံးသိန်းပေးရဖို့  အခက်အခဲရှိနေဖြစ်ပြီး ရွှေဘိုအကျဉ်းထောင်ရဲ့ တာဝန်ခံ အရာရှိဖြစ်သူ အောင်လွင်ဆိုသူရဲ့  ဧည့်တွေ့ဈေးကွက်ဖန်တီးကာ ကိုယ်ကျိုးရှာနေမှု ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် အကျဉ်းသားတွေကို ကြက်ဥကျွေးရာမှာလည်း အကျဉ်းသားတစ်ဦးရပိုင်ခွင့်ကို မပေးဘဲ တစ်လုံးသာ ကျွေးတယ်လို့ နိုဝင်ဘာလက ထွက်ပြေးလာတဲ့ အဲဒီအကျဉ်းထောင် ဝန်ထမ်းဟောင်း တစ်ဦးရဲ့ ပြောပြချက်ဟာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ထဲ ဖော်ပြထားပါတယ်။

 

အကျဉ်းထောင်တွေအတွင်း ဧည့်တွေ့ခွင့်ကို ကိုဗစ်‌ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်ဖို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်က စတင် ပိတ်ထားခဲ့ပြီး ၃ နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာမှ အကျဉ်းထောင်တွေကို စစ်ကောင်စီက ဧည့်တွေ့ ပြန်ဖွင့်ပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – PPNM