အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
“အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များထွက်ပေါ်၊ အာဆင်နယ်နဲ့ မန်ယူ တွေ့”
အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ်တွေကို ယမန်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပြီး အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီထဲ လက်ရှိချန်ပီယံ မန်ယူအသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တတိယအဆင့်မှာ အသင်း ၆၄ သင်းအထိ ပါဝင်နေတာဖြစ်လို့ အသင်းကြီးတွေဟာ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ အစရှိတဲ့ အငယ်တန်းလိဂ်က အသင်းတွေနဲ့ ဆုံတွေ့တာများပေမဲ့ အာဆင်နယ်နဲ့ မန်ယူကတော့ စောစောစီးစီးပဲ ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
****************************************
“စာချုပ်သစ်မှာ ဆာနေးကို လစာလျှော့ချင်နေတဲ့ ဘိုင်ယန်မြူးနစ်”
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသင်းရဲ့တောင်ပံတိုက်စစ်သမား လီရွိုင်း ဆာနေးကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ စတုတ္ထမြောက် လုပ်ခလစာအများဆုံးကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ ယူရို ၃၈၀,၀၀၀ ကျော် ရရှိနေတာပါ။ ဘိုင်ယန်မြူးနစ်အနေနဲ့ စာချုပ်သစ်မှာ ဆာနေးရဲ့ လုပ်ခလစာကို လျှော့ချနိုင်ဖို့ ဆွေးနွေးနေပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ အပိုဆုကြေးငွေကိုတော့ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဆာနေးအနေနဲ့ ရာသီကုန်မှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ကိုရွေးမလား၊ လစာလျှော့ယူပြီး ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
****************************************
“ဒါးလော့တ်ကိုခေါ်ယူဖို့ ဆက်သွယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်”
စပိန်လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းဆီကနေ ပေါ်တူဂီညာနောက်ခံလူ ဒါးလော့တ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး မန်ယူအသင်းကတော့ ဒါးလော့တ်အတွက် ပေါင် ၄၁ ဒသမ ၅ သန်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒါးလော့တ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေးကစားသမားမဟုတ်ဘဲ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို မခေါ်နိုင်မှသာ ခေါ်ယူမယ့် ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အာနိုးလ်ဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ရီးရဲလ်အနေနဲ့ အလွတ်ကြေးနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။
****************************************
“လီဗာပူးလ်မှာ ပျော်နေတယ်လို့ ဖွင့်ဟခဲ့တဲ့ မိုဟာမက် ဆာလား”
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် မိုဟာမက် ဆာလားဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ကြေးပြောင်းရွှေ့နဲ့ ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ဆာလားတို့ရဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာကုန်ဆုံးတော့မှာဖြစ်လို့ ဆာလားအနေနဲ့ လာမယ့် ဇန်နဝါရီမှာ အပြောင်းအရွှေ့ကိစ္စအတွက် တခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရတော့မှာပါ။ လက်ရှိအချိန်ထိ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်မချုပ်နိုင်သေးပေမဲ့ ဆာလားကတော့ “ရိုးရိုးသားသားပြောရရင် ကျွန်တော့်ခေါင်းထဲမှာ လီဗာပူးလ်အတွက် ပျော်ရွှင်စွာနဲ့ ကစားပေးနေဖို့ကိုပဲ တွေးထားတာပါ။ ဒါဟာ ကျွန်တော့်အတွက် နောက်ဆုံးရာသီဖြစ်လာနိုင်ပေမဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒါပြီးမှပဲ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မြင်ရပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
****************************************
“အာမတ် ဒီယာလိုကို စာချုပ်သစ်ချုပ်ဖို့ မန်ယူအသင်း ဆွေးနွေးနေပြီ”
မန်ယူနည်းပြ အမော်ရင်ဟာ အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား အာမတ် ဒီယာလိုကို စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက် ဆွေးနွေးမှုတွေစတင်နေပြီလို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် အာမတ်ဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ အာမတ်ဟာ ကစားခွင့်ရချိန်တိုင်းမှာ အသင်းကို အကျိုးပြုနိုင်တဲ့ ကစားသမားဖြစ်လို့ ပရိသတ်တွေကလည်း အသင်းမှာ ဆက်ရှိစေဖို့ လိုလားနေကြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေညက အဲဗာတန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာမတ်က အထူးခြေစွမ်းပြခဲ့ကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – The Sun
#CJPlatform # # #