PDF တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်ကောင်စီလေကြောင်းကနေတိုက်ခိုက် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံနှစ်ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Jan 03, 2025

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရွာကြီးဖြစ်တဲ့ ချောင်းကြီးကျေးရွာကို ယမန်နေ့ ဇန်နဝါရီ ၂ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီကကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

 

အဲဒီကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကတည်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဗုံးလာကြဲတာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် တိုက်နယ်ပကဖ တာ၀န်ခံ ဇီးရိုး၀မ်း(01)က CJ Platform ကို ပြောပါတယ်။

 

အခုလို ဗုံးကြဲမှုကြောင့် ချောင်းကြီးကျေးရွာ ဒေသခံ အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် ဒေသခံ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက် ၁၆ ဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ကနဦးသတင်းအရ သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ချောင်းကြီးကျေးရွာထဲက ဒေသခံနေအိမ် ၂၃ လုံး၊ မီးသတ်ရုံး၊ နတ်နန်းနဲ့ လူမှုကူညီရေးကား ငါးစီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံသောင်းနဲ့ချီနေထိုင်တဲ့ ချောင်းကြီးကျေးရွာ ဗုံးကြဲခံရမှုကြောင့် ဒေသခံတွေအဖို့ စစ်ကောင်စီရဲ့လေကြောင်းထပ်မံတိုက်ခိုက်မယ့်အန္တရာယ်ကို စိုးရိမ်ပူပန်နေတယ်လို့ သူတို့က ဆိုပါတယ်။

 

ဒီကျေးရွာဟာ မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းပေါ်မှာရှိပြီး  အချက်အခြာကျတဲ့ အဲဒီမြို့နယ်ထဲက ချောင်းကြီးရဲစခန်းကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်အကြာ သြဂုတ် ၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Bo Linn Yone (သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့)

 

ပုံစာ – သပိတ်ကျင်းနယ် ချောင်းကြီးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့တာကိုတွေ့ရစဥ်