ကယ်လီဖိုးနီးယားမှာ လေယာဉ်ငယ်တစ်စင်း အဆောက်အအုံတစ်လုံးကို ဝင်တိုက်လို့ နှစ်ဦးသေပြီး ၁၈ ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Jan 03, 2025

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းက အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်တစ်စင်းဟာ ပရိဘောဂ ထုတ်လုပ်တဲ့ အဆောက်အအုံ တစ်လုံးကို ဝင်တိုက်ခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

‌ဒီမ‌တော်တဆမှုဟာ လော့အိန်ဂျယ်လိစ်မြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင် (ကီလိုမီတာ ၄၀) အကွာမှာရှိတဲ့ ဖူလာတန် (Fullerton) မြူနီစီပယ် လေဆိပ်အနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မတော်တဆမှုကြောင့် လူ ၃၀၀ ဝန်းကျင်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

“အတည်ပြုထားနိုင်တဲ့ သေဆုံးသူနှစ်ဦး ရှိပါတယ်”လို့ ဖူလာတန်ရဲတပ်ဖွဲ့က လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို သေချာမသိရှိရသေးသလို သေဆုံးသူတွေ လေယာဉ်ပေါ်ကလား ဒါမှမဟုတ် ဝင်တိုက်မိတဲ့ အဆောက်အအုံထဲကလား ဆိုတာတွေကိုတော့ သေချာ မသိရှိရသေးပါဘူး။

 

ရဲတပ်ဖွဲ့ဝင်တွေကတော့ လေယာဉ်ဟာ အဆောက်အအုံကို ဝင်တိုက်မိပြီးတဲ့နောက်မှာ လူ ရှစ်ဦးကို အခင်းဖြစ်ရာနေရာမှာ ဆေးကုသမှုပေးခဲ့ပြီး အခြား ၁၀ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားတယ်လို့ ဆိုပါတယ်။

 

လေကြောင်းပျံသန်းမှု ခြေရာခံဝက်ဆိုဘ်ဖြစ်တဲ့ FlightAware ကတော့ မတော်တဆဖြစ်တဲ့လေယာဉ်ဟာ ဖူလာတန်လေဆိပ်ကနေ ပျံတက်ပြီး မတော်တဆမဖြစ်ခင် လေထဲမှာ နှစ်မိနစ်ဝန်းကျင်လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အမေရိကန်ရဲ့ အရပ်ဘက်လေကြောင်းလိုင်း ကွပ်ကဲရေးဌာနဖြစ်တဲ့ The Federal Aviation Administration ကလည်း လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် Van’s RV-10 လေယာဉ်ဖြစ်ပြီး လူလေးယောက် လိုက်ပါစီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

 

အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့ (NSTB) က အခု လေယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

 

ဓာတ်ပုံ – AP Photo

 

ပုံစာ- လေယာဉ်မတော်တဆဖြစ်ပွားရာနေရာကို မီးသတ်ကားများရောက်လာစဉ်

 

ကိုးကား- DW News, The New York Times