စစ်တွေမှာ စစ်ရေးတင်းမာလာလို့ ရန်ကုန်ကို ထွက်ပြေးသူများလာ

Author သုတ
Categories
Published on Jan 03, 2025

ရခိုင်ပြည်မြို့တော် စစ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရေးတင်းမာနေတာကြောင့် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ရန်ကုန်ကို ထွက်ပြေးသူ များပြားလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စစ်တွေမြို့က စစ်ကောင်စီတပ်ရဲ့ ကျောက်တန်း (ကျားမသောက် ) စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ထဲ ပိတ်မိနေမှာ စိုးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

 

“ထိုးစစ်ဆင်နေတဲ့ မြို့တွေအားလုံးက AA လက်ထဲ ရောက်သွားပြီ။ ကျန်နေတဲ့မြို့တွေလည်း သိမ်းမှာပဲ။ စစ်တွေမှာလည်း ဟိုနေ့က တိုက်ပွဲဖြစ်ထားတော့ AA က စစ်တွေကို တိုက်တော့မယ်ဆိုပြီး ကြိုရှောင်နေကြတာ။ ဖြစ်လာရင် စစ်တပ်က ပေးထွက်မှာ မဟုတ်တော့တာ သိနေကြလို့”လို့ အသက် ၃၄ နှစ်အရွယ် စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်တွေကနေ ထွက်ခွာသူ များပြားလာပြီးနောက် စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်စျေးမှာလည်း ခရီးစဉ်တစ်ခုကို ငွေကျပ် ၅ သိန်း ကျော်ကနေ ၇ သိန်းခန့်အထိ မြင့်တက်လာတယ်လို့ လက်မှတ်ဝယ်ယူ စီးနင်းခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

 

စစ်တွေမြို့က AA ထိန်းချုပ်နယ်မြေတွေကို သွားလာလို့မရအောင် ဝိုင်းရံ ပိတ်ဆို့ထားတဲ့အတွက် စစ်တွေဒေသခံတွေဟာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ လေကြောင်းကနေ ရန်ကုန်ဘက်ကို တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

 

ရန်ကုန်ကို ထွက်ခွာသူတွေအနေနဲ့ ဆွေမျိုးသားချင်းတွေအိမ်မှာ တည်းခိုနေထိုင်ကြသူတွေ ရှိသလို တချို့ကတော့ အိမ်ငှား နေထိုင်ကြပြီး ရခိုင်လူမျိုးဖြစ်နေတဲ့အတွက် အိမ်ငှားရာမှာလည်း အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှာ အိမ်ငှားရမ်းနေထိုင်နေတဲ့ အသက် ၅၀ နှစ်အရွယ် စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“စစ်ရှောင်လာပေမဲ့ ဒီဘက်မှာ နေထိုင်ရဖို့လည်း အခက်အခဲတွေ ရှိတယ်။ အချို့က မငှားချင်ကြဘူး။ စစ်တပ်ကပဲ ပြောထားလို့လား။ ဒီတိုင်းမငှားချင်တာလားတော့မသိ။ ရှာရခက်
တယ်။ ဒီမှာ ရေရှည်နေနိုင်ဖို့မလွယ်ဘူး”လို့ သူက ပြောပါတယ်။

 

လက်ရှိမှာတော့ စစ်တွေမြို့အတွင်း မွတ်ဆလင်တွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူတွေလည်း ရှိနေပြီး တချို့မှာတော့ ငွေကြေးအခက်အခဲနဲ့ အထောက်အထား မရှိတာတွေကြောင့် မြို့ကနေထွက်ခွာဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

 

စစ်တွေ၊ ကျောက်ဖြူမြို့တို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့ကို AA က ဒီလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ရန်ကုန်လေဆိပ်ကို တွေ့ရစဉ်