ရန်ကုန်မြို့က အိုင်တီပညာရှင်တစ်ဦးနဲ့ဆက်သွယ်မေးမြန်းခြင်း (၁)

Author ကိုထားဝယ်
Categories
Published on Jan 04, 2025

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ဆိုက်ဘာဥပဒေကြမ်းဆိုပြီး စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းဟာ သုံးနှစ်ကျော်၊ လေးနှစ်နီးပါးမှာပဲ အတည်ပြုလိုက်ပြီလို့ ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ ယမန်နေ့က စစ်ကောင်စီကထုတ်ပြန်လာပါတယ်။ ဥပဒေကြမ်းအဆင့်မှာကတည်းက တစ်ဖက်သတ်လိုရာဆွဲရေးသားထားမှုတွေ ပါဝင်နေတာကြောင့် ပြည်တွင်း/ပြည်ပအရပ်ဘက်အဖွဲ့အစည်း ၁၆၀ လောက်က ကန့်ကွက်ရှုတ်ချထားတာပါ။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဥပဒေကြမ်းထဲကထက် အပြီးသတ်ဥပဒေထဲ တင်းကျပ်မှုတွေ ပိုတိုးလို့ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေကြမ်းနဲ့ အတည်ပြုဥပဒေထဲက ကွာခြားချက်တွေ၊ ဒီဥပဒေထဲက ထူးခြားချက်တွေ၊ ရှောင်ထားသင့်တာတွေ၊ ဆောင်ထားသင့်တာတွေ၊ မဖြစ်မနေသိထားသင့်တာတွေအပါအဝင် အိုင်တီပညာရှင်တွေရဲ့ အကြံပြုချက်တွေကို CJ Platform က မေးမြန်းပြီး ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

(၁) အခု ဥပဒေမှာ ဥပဒေကြမ်းတုန်းက မပါခဲ့တာတွေ ပါလာတာများတွေ့ရလား။ ဒါမှမဟုတ် ပြုတ်သွားတဲ့ ပုဒ်မမျိုးရော သတိထားမိတာရှိမလား။

 

ဥပဒေမူကြမ်းတုန်းက မြန်မာနိုင်ငံမှာလာနေတဲ့ ယာယီ(သို့) နိုင်ငံခြားသားကိုပါ အရေးယူမယ်ဆိုပြီး ပါပေမဲ့ အတည်ပြုထားတာမှာတော့ ထည့်သွင်းမထားဘဲ ဖြုတ်လိုက်တယ်။ အဲဒီအစား ဒီဆိုက်ဘာ ဥပဒေပြစ်မှုထဲက တစ်ခုခုကို ကျူးလွန်မယ်ဆိုရင် ပြည်ပရောက်နေရင်လည်း စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုး ပါလာတယ်။ ဒီလိုဆိုတော့ မေးစရာ မေးခွန်းတွေ မျိုးစုံ ထွက်လာတယ်ပေါ့ဗျာ။ အဲဒီအထဲမှာမှ ပြည်ပရောက်တွေအတွက်ဆို ဒီအတည်ပြုလိုက်တဲ့ ဥပဒေအရ အရေးယူနိုင်တယ်ဆိုတာမျိုးတွေ ရှိလာနိုင်တော့ ဒါက ဘယ်လိုမျိုးလဲဆိုတာမျိုးတွေ ရှိလာတယ်။ ဒီဆိုက်ဘာဥပဒေမှာ မရှင်းလင်းတဲ့ စာတွေလည်း တွေ့ရသလို ဥပဒေတစ်ခုနဲ့ တစ်ခုချိတ်ပြီး အရေးယူနိုင်တဲ့စာတွေ ထည့်ထားတာမျိုးလည်း တွေ့ရပါတယ်။ ဥပဒေက နားမလည်တာတွေ ထည့်ထားတာ များသလို တစ်ဖက်သတ် ဖိနှိပ်ထားတာတွေလည်း ပိုများလာပါတယ်။

 

နောက်တစ်ခုကတော့ ဆက်စပ်ဝန်ကြီးဌာနမှာဆိုရင် အရင်မူကြမ်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မပါပေမဲ့ အတည်ပြုလိုက်ချိန်မှာတော့ ထပ်ဖြည့်ထားတာ တွေ့ရတယ်။ လောလောလတ်လတ်မှာ အွန်လိုင်းပေါ်မှာ ဖြစ်နေတဲ့ KPay Account နဲ့ပတ်သက်တာတွေအတွက်တော့ ဒါက ကောင်းတယ်လို့ ဆိုလို့ရပေမဲ့ အခြားတစ်ဖက်မှာတော့ ပြည်သူလူထုအနေနဲ့ အင်တာနက်သုံးစွဲမှုအပေါ် အရမ်းတင်းကျပ်ဖိနှိပ်ထားတာမျိုးတွေလည်း တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ VPN အသုံးပြုတာနဲ့ပတ်သက်ပြီး အရေးယူဖို့ ထည့်ထားတာတွေ အများကြီးတွေ့ရတယ်။ ကိုယ့်လုံခြုံရေးအတွက်တောင် အခက်တွေ့စေတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဒစ်ဂျစ်တယ် စီးပွားရေးကောင်းဖို့အတွက် အကျိုးပြုစေချင်တာမျိုးထက် သူတို့ ခွင့်ပြုချက်ရမှ ဆိုတာမျိုး များလာတယ်။ ဒါက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အောက်ကို ထိုးချပစ်လိုက်တယ်လို့ ပြောရမယ်။ ရှင်းရှင်းပြောရရင် သူတို့လုပ်နိုင်တဲ့ အကြမ်းဖက်နည်းမျိုးစုံအပြင် ဆိုက်ဘာဥပဒေကို အကြောင်းပြုပြီး အရေးယူမှုတွေဟာ ပိုဆိုးလာနိုင်တယ်။ ဥပဒေပုဒ်မတွေအနေနဲ့ကတော့ အဲဒီဥပဒေတစ်ချက်ချင်းစီရဲ့ အကျိုးသက်ရောက်မှုတွေအပေါ်မှာတော့ ဥပဒေပညာရှင်တွေ သုံးသပ်တာတွေလည်း အမြဲလိုက်ကြည့်နေဖို့ လိုပါမယ်။ ရှင်းရှင်းပြောရရင်တော့ ဖိနှိပ်လို့ရတဲ့ပြည်သူကို ဒီဥပဒေအကြောင်းပြုပြီး မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ အများကြီးလည်း ရှိလာနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။

 

(၂) အွန်လုံးအသုံးပြုသူတွေအတွက် ဘာတွေ သတိထားရမလဲ။ ဘာတွေဆောင်ရမလဲ။ ရှောင်ရမလဲပေါ့နော်။

 

အဲဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ VPN  အသုံးပြုတာတွေကို အရင်ကထက် ပိုပြီး သတိပြုသုံးစွဲပေးပါ။ အချို့က ထည့်ထားတယ်ကွာ ဖွက်နည်း ရှာလိုက်မယ်ဆိုတာမျိုး တွေးနိုင်ပေမဲ့ အွန်လိုင်းပေါ်မှာ ဝေမျှနေတဲ့သူတွေလည်း ရှိတာမလို့ ကိုယ့်ဖွက်ထားတဲ့နည်းစနစ်ကို မသိလောက်ဘူးထင်ပြီး မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်လုံခြုံရေးနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံးတော့ လွတ်အောင်နေပါလို့ ပြောရမှာပါပဲ။ VPN နဲ့ အရေးယူတာမျိုး မရှိဘူးလို့ ခဏခဏ ငြင်းခဲ့ပေမဲ့ အခု ဆိုက်ဘာဥပဒေမှာတော့ ပေါ်တင်ကို ဖမ်းဆီးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ သတိပြုရမှာကတော့ မြို့ပေါ်ကလူတွေအနေနဲ့ အတတ်နိုင်ဆုံး ဖုန်းကို VPN နဲ့ပတ်သက်နိုင်တာ ဘာမှ မထည့်ထားတာမျိုးနဲ့ အပြင်ကို သွားစေချင်တယ်။ ဒါက ခြောက်လှန့်ပြောနေတာ မဟုတ်ဘူးဗျ။ ဥပဒေဖတ်ကြည့်၊ တွေးကြည့် နားမလည်တာရှိရင် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးကြည့်ရင် သိသာပါလိမ့်မယ်။ သူတို့ လိုသလို အသုံးပြုမယ့် ဥပဒေကြီးဖြစ်နေပါတယ်။ အရင်ကတော့ အမြင်ကတ် ပုဒ်မ ဆိုတာမျိုး ကြားဖူးပါလိမ့်မယ်။ အဲဒါထက် ဆိုးတာကြောင့် သတိအမြဲရှိပါလို့ ပြောချင်ပါတယ်။

 

 

(၃) ဒီဥပဒေကြောင့် အသုံးပြုသူတွေအပါအဝင် ပတ်သက်ဆက်နွယ်သူအားလုံးအတွက် ဘာတွေ ထိခိုက်နစ်နာဆုံးရှုံးရနိုင်မလဲ။

 

နိုင်ငံ (သို့) ပြည်သူလူထု အကျိုးစီးပွားကို အများကြီး ထိခိုက်သွားနိုင်တယ်ဆိုတာထက် တကယ် ထိခိုက်မှာပါလို့ ပြောရမယ်။ တရားဝင်လိုင်စင် တင်သွင်းရင်ရော သူတို့ဘက်က ဘယ်လို ကာကွယ်ပေးနိုင်လဲ။ တကယ်ရော လွတ်နိုင်မှာလား။ ဒါမျိုးတွေ အများကြီး စဥ်းစားကြရတော့မယ်။ ထိခိုက်နိုင်တာတွေကတော့ စီးပွားရေးကို အကြီးအကျယ် ဆုံးရှုံးစေနိုင်သလို ပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို လွတ်လပ်စွာ သုံးစွဲခွင့်အခွင့်အရေးတွေ အများကြီး ထိခိုက်ဆုံးရှုံးသွားနိုင်ပါတယ်။ ရှေ့မေးခွန်းမှာ ဖြေခဲ့သလိုပါပဲ ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ ဥပဒေလို့ပဲ ဖြေချင်ပါတယ်။

 

(၄) ဒီမှာတွေ့ရသလောက် VPN ကန့်သတ်ချက်၊ လောင်းကစားကန့်သတ်ချက်နဲ့ User တစ်သိန်းနဲ့အထက်ကို လိုင်စင်တင်ဖို့ဆိုတာမျိုးတွေ့ရတယ်။ အစ်ကို့အနေနဲ့ရော ဘာတွေ တွေ့ရတာမျိုးရှိမလဲ။

 

တွေ့ရတဲ့ ကန့်သတ်ချက်ထဲမှာ VPN ကိစ္စကို အများကြီး ဖိနှိပ်ထားတယ်။ VPN သုံးစွဲတာက ကိုယ့်ဒေတာလုံခြုံရေးအတွက် အသုံးပြုလာကြတာလို့ အများပြည်သူ သိပြီးသားပါ။ ဒီလုံခြုံအောင် သုံးတဲ့အပေါ်မှာ အရေးယူတာမျိုးကျတော့ ကိုယ့်အတွက် လုံခြုံရေးကို ကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိတော့ဘူး။ ကိုယ့်ဒေတာအချက်အလက်နဲ့ပတ်သက်တဲ့ လုံခြုံအောင်လို့ပါဆိုရင်တောင် မရတော့ဘူး။ အကြောင်းအရာတစ်ခုခုကြောင့် အလွယ်တကူ အချက်အလက်တွေ တောင်းယူလို့ရအောင် ပြင်ဆင်ချက်တွေ ထည့်လာတယ်။ ဒီဥပဒေက သူကန့်သတ်လို့မရတဲ့ နည်းပညာတွေကို ဒီဆိုက်ဘာဥပဒေမှာထည့်သွင်းပြီး အကြမ်းဖက်လိုက်တာပါပဲ။ အရင်က ဖမ်းဆီးတော့မယ်ဆိုရင် တရားရုံးရဲ့ ခွင့်ပြုမိန့်တို့ဆိုတာ လိုသေးတယ်။ အခု ဥပဒေမှာက မလိုတော့ဘူး။ ဆွဲချင်ရင် ဆွဲမယ်ဆိုတာမျိုး။ ပိုဆိုးပေါ့ဗျာ။ လောင်းကစားနဲ့ပတ်သက်လို့ကတော့ ဒါက အရေးယူရမယ့်အနေအထားပေါ့။ အရေးယူတာမှာလည်း ပေါ့လျော့တယ်။ ဒီထက်ကို ပိုရမှာပါ။ လောင်းကစားနဲ့ပတ်သက်ရင် ဆက်နွယ်မှု မပြုကြအောင် မျိုးစုံပြောကြပေမဲ့ အလွယ်ရတော့ လုပ်ကြတာမျိုးတွေရှိတယ်။

 

User တစ်သိန်းနဲ့အထက် လိုင်စင်တင်တာကတော့ သူတို့အကျိုးအမြတ် အများကြီး ရှာဖွေလို့ ရသလို ဖြစ်နေတယ်။ တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေအတွက် လိုင်စင်တင်ပြီးရင်တောင် သူတို့ စိတ်မထင်ရင် အချိန်မရွေး ဖမ်းဆီးတာမျိုးတောင် ခံရနိုင်တယ်။ ဒီဘက်မှာ လိုင်စင်တင်ဖို့ မတင်ဖို့ကိုတော့ မပြောလိုပါဘူး။ လိုင်စင်တင်ဖို့အတွက်လည်း အတင်းအကျပ်တိုက်တွန်းဖို့အတွက် လုပ်လာတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ လိုင်စင်တင်ခြင်း၊ မတင်ခြင်းနဲ့လည်း မဆိုင်ဘဲ သူတို့ ဖမ်းချင်ရင် ဖမ်းမယ်ဆိုတာမျိုးနဲ့ သူတို့လိုချင်ရင် အချက်အလက်တွေ အလွယ်တကူ စုဆောင်းနိုင်တာမျိုး ဖြစ်သွားတယ်။ ဒါကတော့ တွေ့မိတဲ့အပိုင်းပေါ့နော်။

 

(၅) ဒီဥပဒေပြဋ္ဌာန်းတာ ပြည်သူတွေ အကျိုးရှိစေမလား။ အကျိုးယုတ်စေမလား။

 

ဒီဆိုက်ဘာဥပဒေပြဋ္ဌာန်းချက်က အကျိုးရှိဖို့ထက် အကျိုးယုတ်စေတာ ပိုများပါတယ်။ အရင်ကတော့ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းအချို့ တစ်ပိုင်တစ်နိုင်လေးအတွက်ဆိုရင် သူတို့ဆီမှာ လိုင်စင် သွားမလျှောက်ထားသေးတာတွေ ရှိတယ်။ အဲဒီလိုင်စင် မလျှောက်ထားတဲ့သူ(သို့) နာမည်ကြီးလာပြီး လိုင်စင်မရသေးတာမျိုးဆို အရေးယူမှုတွေ ရှိလာနိုင်တယ်။ အခြားနိုင်ငံမှာ ဒါမျိုး ဥပဒေမျိုးတွေ မရှိဘူးလို့ တွေ့ရတယ်။ Website အချို့ ပိတ်ထားတယ်။ ကန့်သတ်လိုက်တယ်။ ဒါမျိုးတော့ ရှိတယ်။ အခြားနိုင်ငံတွေမှာ အွန်လိုင်းအခြေပြုလုပ်ငန်းတွေကို ကောင်းမွန်စွာလည်ပတ်နိုင်အောင် ဆောင်ရွက်ကြပေမဲ့ ဒီမှာတော့ ကောင်းမွန်စွာဆိုတာထက် ဆိုးဝါးစွာ ဖျက်ဆီးမယ့်အနေအထားလို ဖြစ်နေတယ်။ ပထမမူကြမ်းရဲ့ အခက်အခဲအကျပ်အတည်းတွေကို အချို့နည်းလမ်းတွေနဲ့ ကျော်လွှားဖြေရှင်းခဲ့ကြပေမဲ့ ဒီတစ်ခါမှာတော့ အရင်ထက် ပိုပြီး ကျပ်တည်းလာတယ်။ ဒါကြောင့် နိုင်ငံစီးပွားရေးပဲပြောပြော၊ ပြည်သူလူထုအကျိုးစီးပွားရေးပဲဆိုဆို တစ်ဖက်သတ်ကြီး အရေးယူနိုင်တယ်ဆိုတာမျိုးကြီးဖြစ်နေတယ်။ အခုဆိုက်ဘာဥပဒေကတော့ သူတို့ လိုသလို ဖမ်းဆီးအရေးယူနိုင်တာမျိုးတွေပါ ဖြစ်လာနိုင်တာကြောင့် ပိုပြီး သတိထားကြရတော့မယ့် အနေအထားပါလို့ ပြောချင်ပါတယ်။

 

(၆) ပြည်သူတွေကို အကြံပြုစကားလေး ပြောပေးစေချင်ပါတယ်။

 

ဒီဆိုက်ဘာဥပဒေနဲ့ ပတ်သက်တာတွေ နားလည်တတ်ကျွမ်းသူတွေ ဆွေးနွေးကြတာတွေကို အမြဲနားထောင်လေ့လာပါ။ ဥပဒေပညာရှင်တွေ ပြောတဲ့အချက်အလက်တွေကို သေချာလေး မှတ်ထားကြပါ။ သူတို့ မသိလောက်ပါဘူးကွာဆိုပြီး မပေါ့ကြပါနဲ့။ ဒီဆိုက်ဘာ ဥပဒေဟာ အင်တာနက်အသုံးပြုပြီး ဒစ်ဂျစ်တယ် သုံးစွဲသူတွေတင်မကဘဲ ဝန်ဆောင်မှုပေးနေတဲ့သူတွေအတွက်ပါ မလွယ်ပါဘူး။ ဒစ်ဂျစ်တယ်ပလက်ဖောင်း လွတ်လပ်စွာ သုံးစွဲခွင့်ကိုပါ ဖိနှိပ်ထားတာမျိုးပါ။ ဒါကြောင့် မပေါ့ဆကြပါနဲ့လို့ပဲ ထပ်ပြီးမှာချင်ပါတယ်။

 

(Disclaimer –  ဥပဒေပညာရပ်စကားလုံးများနဲ့ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးမဟုတ်ပါ။)