တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရေးကိစ္စ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်

Author ရှိုး 
Categories
Published on Jan 03, 2025

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆွတ်ယိုလ်ကို ဖမ်းဆီးဖို့အတွက် သမ္မတရဲ့နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းမှာ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပေမဲ့  သမ္မတရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက်မှာ ဖမ်းဆီးဖို့ လုပ်ငန်းစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သမ္မတလုံခြုံရေးအဖွဲ့နဲ့ နာရီပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံပြီးနောက်မှာ အခုလို ဆုံးဖြတ်ချက်ကို ချလိုက်ရတာဖြစ်တယ်လို့  အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သူတို့အနေနဲ့ အခုလို ထိပ်တိုက်တွေ့ဆုံမှုမှာ ထိခိုက်မှုတွေနဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးတာကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့လည်း အသိပေးပါတယ်။

 

စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ သုံးသပ်မှုတွေ ပြန်လည်လုပ်ဆောင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သွားမယ်လို့လည်း နိုင်ငံတကာသတင်းတွေရဲ့ ကနဦး ဖော်ပြချက်အရ သိရပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဝရမ်းထုတ်တာကို တားမြစ်တဲ့ သမ္မတ လုံခြုံရေး အကြီးအကဲတွေနဲ့ လုံခြုံရေးရေး ဗျူရို အကြီးအကဲတွေဟာ ပြည်သူ့တာဝန်တွေကို နှောင်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် အာဏာအလွဲသုံးစားလုပ်သူဘက်မှာ ကြံရာပါတွေအဖြစ်နဲ့ ပါဝင်ပတ်သက်နေကြတယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။

ဓာတ်ပုံ – he President Office/ Handout via Reuters