ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတရဲ့ လုံခြုံရေးတွေနဲ့ စုံစမ်းစစ်ဆေးသူတွေ ထိပ်တိုက်တွေ့နေပြီ

Author CJ Platform
Categories
Published on Jan 03, 2025

တောင်ကိုရီးယားအာဏာပိုင်တွေဟာ ရာထူးက ဆိုင်းငံ့ထားပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သမ္မတယွန်ဆွတ်ယိုလ်ကို ဖမ်းဆီးဖို့အတွက် သမ္မတရဲ့နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

လက်ရှိမှာ ယွန်ကို ဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့  စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ သမ္မတကို လုံခြုံရေးပေးနေတဲ့ အဖွဲ့တွေဟာ လက်ရှိမှာ ထိပ်တိုက်တွေ့ဆုံနေကြပါပြီလို့လည်းဆိုပါတယ်။

 

အာဏာပိုင်တွေဟာ သမ္မတနေအိမ်ရှေ့မှာရှိတဲ့ ယွန်ကိုထောက်ခံသူရာနဲ့ချီကို ရှောင်ကွင်းသွားနိုင်ခဲ့ပေမဲ့ နေအိမ်ထဲမှာကတော့ သမ္မတရဲ့ လုံခြုံရေး အဖွဲ့ဝင် (PSS) တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

 

ယွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် ပုန်ကန်မှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။

 

ယွန်ကို လက်ရဖမ်းဆီးခဲ့မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ‌တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးကို ပထမဦးဆုံး ဖမ်းဆီးခြင်း ဖြစ်လာမှာလို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေပါဝင်တဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးရေးကို ဦးဆောင်နေတဲ့ အဆင့်မြင့်အရာရှိများအတွက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) ဟာ ဒီကနေ့မနက်မှာ ယွန်ရဲ့ နေအိမ်ရှေ့ကို  ဒေသစံတော်ချိန် ၇ နာရီဝန်းကျင်က ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

CIO ရဲ့ ကားတွေဟာ လမ်းတချို့မှာ ဘတ်စ်ကားတွေနဲ့ ပိတ်ဆို့ထားတာကြောင့် ယွန်ရဲ့ နေအိမ်ထဲကို ချက်ချင်းဝင်ရောက်သွားတာမဟုတ်ဘူးလို့လည်း သိရပါတယ်။

 

နောက်ပိုင်းမှာ CIO အရာရှိတွေဟာ ဘတ်စ်ကားတွေကို ခြေလျင်ပဲဖြတ်ကျော်ခဲ့ပြီး ပွင့်နေတဲ့ ဂိတ်တစ်ခုကနေ အထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ဘတ်စ်ကားတစ်စီးနဲ့ သံချပ်ကာကားတစ်စီးတို့က လမ်းပိတ်ထားပေမဲ့ နောက်ပိုင်းမှာ လမ်းပိတ်ထားရာကနေ ဖယ်ရှားပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ခြံထဲကို ရောက်တဲ့ချိန်မှာတော့ CIO အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ PSS တွေ၊ စစ်တပ်အဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

တောင်ကိုရီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အဲဒီ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ PSS ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

တောင်ကိုရီးယားအခြေစိုက် ယွန်ဟပ်သတင်းဌာနကတော့ PSS က အာဏာပိုင်တွေကို ယွန်ရဲ့နေအိမ်ထဲရှာဖွေဖို့ ခွင့်မပြုခဲ့ဘူးလို့ PSS အကြီးအကဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီးဖော်ပြပါတယ်။

 

ယွန်ရဲ့ရှေ့နေဖြစ်သူကလည်း အခုလိုမျိုး တရားမဝင်တဲ့ ရှာဖွေဝရမ်းနဲ့ ယွန်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေတာဟာ ဥပဒေနဲ့မညီဘူးလို့ပြောဆိုခဲ့သလို သူတို့တွေ (ဝင်ရောက်ရှာဖွေသူတွေ) ကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဒီကနေ့မှာပဲ ထုတ်ပြန်ပြောဆိုပါတယ်။

 

စုံစမ်းစစ်ဆေးမှုအတွက် ဆင့်ခေါ်မှုတွေကို ပျက်ကွက်တာ‌ကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ယွန်အတွက် ဖမ်းဝရမ်းကို အတည်ပြုလိုက်ပြီးတဲ့နောက် အာဏာပိုင်တွေက ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ လုပ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီးနောက်မှာ ရာနဲ့ချီတဲ့ ယွန်ကို ထောက်ခံသူတွေဟာ ယွန်ရဲ့နေအိမ်ရှေ့မှာ အရုဏ်မတက်ခင် အချိန်ကတည်းက ကြိုတင်စုဝေးနေကြတာလည်း ဖြစ်ပါတယ်။

 

ယွန်ကိုထောက်ခံသူတချို့ဟာ “သမ္မတယွန်ဆွတ်ယိုလ်ကို ပြည်သူ‌တွေက အကာအကွယ်ပေးကြလိမ့်မယ်” လို့ကြွေးကြော်ကြပြီး CIO အကြီးအကဲကို ဖမ်းဆီးဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။

 

ယွန်အတွက် ဖမ်းဝရမ်းဟာ ဇန်နဝါရီ‌ ၆ ရက်နေ့အထိသာ အကျုံးဝင်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေကို ယွန်ကိုဖမ်းဆီးပြီးတဲ့နောက် ၄၈ နာရီအထိပဲ ချုပ်နှောင်ခွင့်ပေးထားပါတယ်။ အဲဒါပြီးရင်တော့ ယွန်ကို ပြန်လွှတ်မလား ဒါမှမဟုတ် ထိန်းသိမ်းဖို့အတွက် ဝရမ်းထပ်တောင်းမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 

ယွန်ကို ဖမ်းဆီးပြီးရင် ဆိုးလ်မြို့က ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားနိုင်တယ်လို့ CIO ပြောဆိုချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

 

ဓာတ်ပုံ –  REUTERS/Kim Hong-Ji

 

ပုံစာ – CIO အရာရှိတွေကို ယွန်ရဲ့နေအိမ်ရှေ့မှာ ဒီကနေ့မနက် အစောပိုင်းကတွေ့မြင်ရစဉ်

 

ကိုးကား- Reuters