“ဂျန်ဒါ မရွေး ချမ်းသာမရ”
ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ မြန်မာတစ်နိုင်ငံလုံး စစ်မှုထမ်းနဲ့ မတရားပေါ်တာဆွဲခံရတဲ့ အခြေအနေတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေတဲ့အတွက် ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တင်းကျပ်နေတဲ့ ရင်တွင်းအသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ဒီလိုအခြေအနေတွေကြားမှာ ဘယ်လို ဖြတ်သန်းနေရပါသလဲ။
“ခေါ်လာရင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး။ အဲဒီစိတ်ကြီးပဲ ဖြစ်နေတော့ အလုပ်လုပ်ရတာလည်း စိတ်မပျော်ဘူး”
လှိုင်မြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီး
စစချင်းမှာ အိမ်ကအဖေလည်း စိတ်တွေပူပြီး တော်တော်ကိုနေမရထိုင်မရတွေဖြစ်တာ။ နောက်တော့ အမျိုးသမီးတွေ မခေါ်သေးဘူးဆိုတော့ စိတ်အေးသွားတယ်။ ခေါ်လာလည်း ရှိသမျှ ပိုက်ဆံကုန်ပစေ၊ အပါတော့မခံဘူးဆိုပြီး ဆုံးဖြတ်ထားတာ။ တော်တော်ကြာကြာလေး မကြားနေရလို့ စိတ်အေးရပြီထင်နေတာ။ အခုမိန်းကလေးတွေကိုပါ နယ်ဘက်တွေမှာဆွဲနေ၊ ခေါ်နေသံတွေသတင်းတွေသိရတော့ အရမ်းစိုးရိမ်တယ်။ ခေါ်လာရင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး။ အဲဒီစိတ်ကြီးပဲ ဖြစ်နေတော့ အလုပ်လုပ်ရတာလည်း စိတ်မပျော်ဘူး။ ညဘက်တွေလည်း တွေ့သမျှမိန်းကလေး၊ ယောက်ျားလေးအကုန်ဖမ်းနေတာ။ လမ်းလူကြီးတွေကတောင် ည ၉ နာရီဆိုအပြင် မထွက်ဘဲ အိမ်ထဲပဲနေဖို့ လိုက်ပြောတယ်။ အဲဒီအချိန် လမ်းပေါ်သူတို့လှည့်လာတာနဲ့တိုးရင် အကုန်ဖမ်းပို့မှာလို့ပြောတယ်။
“ရန်ကုန်မှာ ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ သတင်းတွေ ကြားရရင် ငါ့မောင်လေးများ ပါသွားရင်ဆိုတဲ့ စိတ်နဲ့ ညတိုင်း စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်မပျော်နိုင်ဘူး”
စစ်တွေမြို့က အသက် ၄၀ နှစ်အရွယ် မွတ်ဆလင် အမျိုးသမီး
တစ်အိမ်တစ်ယောက် ပေးရမယ် ပြောလို့ အိမ်မှာ ကျွန်မမောင်ရှိတယ်လေ။ ၃၀ မပြည့်သေးဘူး။ အသက်က အကျုံးဝင်တော့ စိုးရိမ်လို့ ရှိတဲ့ပိုက်ဆံလေးနဲ့ ရန်ကုန်ကို ရှောင်ခိုင်းလိုက်တယ်။ သူ့မှာ မှတ်ပုံတင်တော့ရှိတယ်။ ဒါပေမဲ့ ဟိုမှာ နေဖို့ထိုင်ဖို့နဲ့ ၁၁ မျဉ်းစောင်းကိုမှ မွတ်ဆလင်တွေဆို ပိုရစ်တယ်။ တစ်ခုခုဆို ပိုက်ဆံတောင်းကြလို့ ရှိသမျှပိုက်ဆံ ထည့်ပေးလိုက်ရတယ်။ အိမ်မှာ အခက်အခဲရှိပေမဲ့ ကျွန်မတို့မှာ မောင်က သူတစ်ယောက်တည်း ရှိတာလေ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘေးကင်းအောင် ပို့လိုက်တယ်။ အခု အဲဒီမှာလည်း အဖမ်းအဆီးတွေ အစစ်အဆေးတွေများတယ်ပြောတယ်။ ဘယ်နေရာမှာမှ နေလို့မရဘူး။ ဒီမှာမလုံခြုံလို့ ရန်ကုန်ပို့လိုက်ရတာ။ ရန်ကုန်မှာ ဖမ်းတယ်ဆီးတယ်ဆိုတဲ့သတင်းတွေ ကြားရရင် ငါ့မောင်လေးများ တစ်ခုခုဖြစ်ရင် ပါသွားရင်ဆိုတဲ့ စိတ်နဲ့ ညတိုင်းစိတ်ဖြောင့်ဖြောင့်နဲ့ အိပ်မပျော်နိုင်ဘူး။
“စစ်မှုထမ်းအဖြစ် လိုက်ဖမ်းခံရတယ် ဆိုတာမျိုးတွေ မကြာခဏ အိပ်မက် မက်တယ်”
စစ်ကိုင်းမြို့ဒေသခံ အသက် ၂၄ နှစ်အရွယ် မဆွေဇင်
မြို့ထဲအရမ်းဆွဲတယ်။ ယောကျာ်းလေးတွေပဲ ဆွဲတယ်။ ကိုယ်က မိန်းကလေးဆိုပေမဲ့ ကြောက်ရတယ်။ မြို့ပေါ်က ပျူတွေ သွားလာတာရှိတယ်ဆိုတော့လေ။ တစ်ခါတလေ ရပ်ကွက်လမ်းတွေထဲဆို ရှိနေတတ်တယ်။ ကျွန်မရယ်၊ အစ်မတစ်ယောက်ရယ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ နေ့လယ်ပိုင်းလောက်က ဆိုင်ကယ်နဲ့ ဘုန်းကြီးကျောင်းကို လှူစရာရှိလို့ သွားတော့ Mask တွေ တပ်ထားတဲ့ လေးငါးယောက်လောက်က အဝေးတည်းက လှမ်းတားတာ။ အတင်းမောင်းပြေးလို့သာ၊ ရပ်ရင် ဘာလုပ်မယ် မသိနိုင်ဘူး။ အဲဒီလို စိုးရိမ်စရာလေးတွေ ရှိတတ်တာပေါ့နော်။ စစ်မှုထမ်း စုဆောင်းခံရတာ ဖမ်းခံရတာတွေက ဒီမှာက ယောကျာ်းလေးတွေပဲ လိုက်ဖမ်းတော့လေ ကျွန်မတို့အနေနဲ့ ခုနက ပြောသလို လမ်းမှာ ဆွဲလား၊ ရမ်းလာလုပ်မှာတွေ၊ လက်၀တ်လက်စားတို့၊ ဆိုင်ကယ်တို့လို အရာတွေ လုယူခံရမှာတွေ စိုးရိမ်ရတာ အများဆုံးပါ။ အရင်ကတော့ စစ်မှုထမ်းပြဌာန်းတော့ မိန်းကလေးတွေပါတယ် ဘာညာဆို နေစရာ မရှိခဲ့ဘူး။ အခုတော့ ယောကျာ်းလေးတွေပဲ အဓိက ပစ်မှတ်ထားတော့ ကိုယ့်မောင်တွေ အစ်ကိုတွေနဲ့ တခြားဘယ်သူ့မဆိုပါ စိုးရိမ်မိတာပေါ့နော်။ ပြီးတော့လည်း အဲဒီ စိုးရိမ်စိတ်ကပဲ ကိုယ့်ကို စစ်မှုထမ်းအဖြစ် လိုက်ဖမ်းခံရတယ် ဆိုတာမျိုးတွေ မကြာခဏအိပ်မက်မက်တယ်။ စိတ်ထဲက ကြောက်စိတ်ပေါ့နော်။ အပြင်မှာ ယောကျာ်လေးတွေပဲ ဆွဲနေပေမဲ့ သူတို့စိတ်တွေက ပြောမရဘူးလေနော်။ အမြဲစိုးရိမ်စိတ်နဲ့ပဲ ဖြတ်သန်းနေရတယ်။
“ညဘက် ကားသံကြားရင်ကို ထိတ်လန့်နေရတာ”
ပန်းတနော်မြို့နယ်ရှိ အသက် ၄၉ နှစ်အရွယ် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်သွယ်သွယ်ဦး
စစ်မှုထမ်းကြေးက လစဉ်တော့ ပေးနေရတာပဲ။ ကျွန်မတို့မှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာ အခုလဲ ပေါ်တာဆွဲတယ်ဆိုတာတွေရော၊ အသံတွေကကြားနေရတော့ ညမှောင်လာပြီဆိုတာနဲ့ ဘယ်မှ မထွက်ခိုင်းဘူး။ တစ်နေ့ တစ်နေ့လည်း ဒီစိတ်ကကြီးစိုးနေတာ သူ့အတွက် အမြဲပူပန်နေရတယ်။ ညဘက် ကားသံကြားရင်ကို ထိတ်လန့်နေရတာ။ အိမ်ပေါ်တွေ ဝင်ဆွဲတယ် အသံကြားတော့ ညညကောင်းကောင်း အိပ်မရဘူးဖြစ်တာပေါ့။ ဧည့်စာရင်းတွေ လိုက်စစ်ရင်လည်း ဘာများဖြစ်မလဲဆိုပြီး တထိတ်ထိတ်နဲ့။ ဒီမှာက စစ်မှုထမ်းအရွယ်ရှိတဲ့ အိမ်ရေ၊ မရှိတဲ့အိမ်ရော အခုက ပေးနေရပြီလေ။ တစ်လ နှစ်သောင်း(ကျပ်) တချို့တော့ သုံး လကို ခြောက် သောင်း(ကျပ်) ပေးကြတာရှိတယ်။ ပြီးခဲ့တဲ့လက ဘေးအိမ်က အပျိုကြီးတောင် နှစ်သောင်းထည့်ရတယ်။ ခေတ်ကာလက ဒီလိုဖြစ်လာတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ကိုယ်အန္တရာယ်မဖြစ်အောင်ဘဲ ကြည့်ရှောင်နေရတာပေါ့ ။ အခုဆို ကိုယ့်သားကို ဘယ်နားထားရမလဲကို မသိတော့တာ နိုင်ငံခြားလွှတ်ရအောင်ကလည်း စိတ်မချပြန်ဘူး။
“ဥပဒေက သူတို့ပါးစပ်ထဲမှာ။ ဘယ်တစ်ကောင်မှ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူး”
ပုသိမ်မြို့ရှိ အသက် ၂၃ နှစ်အရွယ် LGBT အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကျု့ပစ်
တစ်နေ့ တစ်နေ့ ထဘီခြုံပြီးနေရတယ်။ ဘယ်မှလည်း မထွက်ရဲဘူး။ သူတို့က မိန်းကလေးလည်း ခေါ်မယ်ပြောထားတော့ မထင်ရင် မထင်သလို ဆွဲသွားမှာလေ။ ကိုယ့်ပုံစံနဲ့က ဆွဲကောင်းပဲ။ စစ်မှုထမ်းကြေးပေးထားတယ်ဆိုပေမဲ့ ဥပဒေက သူတို့ပါးစပ်ထဲမှာ ဘယ်တစ်ကောင်မှ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူး။ ကိုယ့်ဘေးကိုယ် ကြည့်နေပဲ။ အခုလည်း ပတ်ကင်းတွေဆိုတာ စိပ်လာတယ်။ တိုက်ကြခိုက်ကြရင် အကုန်ထိနေမှာ။ ဘယ်သူမှတော့ မသေစေချင်ပါဘူး။ သူတို့ကိုပဲ သေစေချင်တော့တယ်။ မြေပြိုသလို မြေမြိုပြီး သေပါစေပဲ ဆုတောင်းတယ်။ အဲဒါဆို ဘယ်သူမှ မသေတော့ဘူး။ နတ်တွေကလည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြလားမသိဘူး။ မသိမသာလေး ကောင်းကင်ကနေ ကားလေးနဲ့ လာနေတုန်း မိုးကြိုးပစ်ချလိုက်စေချင်တာ။ ကိုယ်သာနတ်ဆို အပုနဲ့ သူ့ဟာတွေကို အပေါ်ကနေ အကြိမ်ကြိမ်ကို ပစ်ချနေမိမှာ။