စစ်ကောင်စီ လွတ်ငြိမ်းထဲ နိုင်ကျဉ်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိနိုင်လို့ဆို
စစ်ကောင်စီက ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား/သူ ၅၈၆၄ ဦးလွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား/သူ ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်း အတိအကျမသိရသေးပေမဲ့ စစ်ကောင်စီ လွှတ်ပေးတဲ့ လူငါးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား ငါးရာပါဖို့ ဆိုတာ သေချာမှုမရှိတဲ့အပြင် ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိမယ်လို့ သူက ခန့်မှန်းထားပါတယ်။
“ ၂၀၂၅ ခုနှစ် အတွင်းမှာ မြို့သိမ်း နယ်သိမ်းတိုက်ပွဲတွေနဲ့ အတူတူ အကျဉ်းထောင်တံခါးတွေကို တော်လှန်ရေးအင်အားစု ရဲဘော်တွေကိုယ်တိုင်က ဖွင့်ပေးမယ့် အခြေအနေတွေကိုလည်း အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကလည်း မျှော်လင့်နေတာဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျိုးအမြတ် ထုတ်တဲ့အချိန်တွေမှာ အဓိက အသုံးပြုဖို့ အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးထားတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လူသားခြင်းစာနာမှုနဲ့ လွတ်ပေးမယ်ဆိုတာဟာ မျှော်လင့်စရာ အကြောင်းမရှိဘူးလို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ အကျဉ်းထောင် အချုပ်ထောင် အသီးသီးက အကျဉ်းသား ၅၈၆၄ ဦးကို နောက်တစ်ကြိမ်ထပ်မံကျူးလွန်ပါက အခုကျန်ရှိတဲ့ ပြစ်ဒဏ်အပြင် ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်ကိုပါ ကျခံပါမယ်ဆိုတဲ့ ခံဝန်ကတိနဲ့ ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူ ၁၄၄ ဦးကို ထောင်ဒဏ် တစ်သက်ကနေ ထောင်ဒဏ် ၁၅ နှစ်အဖြစ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့အပြင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
စစ်ကောင်စီဟာ လူသတ်မှု၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးမှုတို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထားတဲ့သူတွေ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု၊ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကောင်စီအတည်ပြုလိုက်တဲ့ လက်နက်ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူတွေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ အဂတိဥပဒေပုဒ်မနဲ့ ကျခံထားတဲ့သူတွေကိုလည်း အခု ထုတ်ပြန်ထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မထည့်ထားပါဘူး။
စစ်ကောင်စီရဲ့ ပြစ်မှုကန့်သတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရာမှာ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကိုသာ လွတ်ငြိမ်းသက်သာခွင့် ပြုတာကြောင့် အများစုဟာ ပြစ်ဒဏ်က လွတ်ကာနီး အကျဉ်းသားတွေသာ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုထက်
ပုံစာ – အင်းစိန်(ဗဟို)အကျဉ်းထောင်ကနေ ဒီကနေ့ လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးနေမှု မြင်ကွင်