ပဲခူးရေကြီးနေလို့ ပဲခူး-ရန်ကုန် ကားခ တစ်သောင်းအထိတက်

Author ကိုထက်
Categories
Published on Jul 29, 2024

ပဲခူးမြို့မှာ ရေကြီးနေပြီး ရန်ကုန်-ပဲခူး ပုံမှန်သွားလာလို့ရတဲ့ကားလမ်းတွေ ရေကျော်နေတာကြောင့် ရန်ကုန်- ပဲခူးသွား ယာဉ်စီးခ နှစ်ဆကျော်အထိမြင့်တက်သွားတယ်လို့ ပဲခူးကနေ ရန်ကုန်သို့ လာရောက်သူများထံမှ သိရပါတယ်။

 

ရေမကြီးခင်က လူတစ်ဦးကို ကျပ် ၄၀၀၀ သာရှိပေမဲ့ ယခုရက်ပိုင်းကစလို့ တစ်ဦးကို ကျပ် ၁၀,၀၀၀ အထိ နှစ်ဆကျော်မြင့်တက်သွားတာဖြစ်တယ်လို့ ပဲခူးကနေ ရန်ကုန်မြို့သို့ လာရောက်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပုံမှန်လမ်းက သွားလို့မရဘူး။ ရေကျော်နေတော့ ပတ်ပြီးသွားရတာ။ အင်းတကော်ဘက်ကနေ” လို့ ၎င်းက ပြောပါတယ်။

 

ပဲခူးမှ သွားရောက်လိုသူတွေအတွက် မဂ္ဂတစ်လမ်းဆုံ ဘုရားတောင်ဘက်မုဒ်မှာ ပဲခူး-ရန်ကုန်  မီနီဘတ်စ်ယာဉ်များစီးလို့ရနိုင်ပြီး ပုံမှန်လမ်းကြောင်းတွေက  ရေကျော်နေတဲ့အတွက် ပဲခူး-သနပ်ပင်-ကမာဝဲ-ကဝ-ထုံးကြီး-အင်းတကော်လမ်းပိုင်းမှ ပတ်မောင်းနေကြရတယ်လို့ ယာဉ်မောင်းများထံမှ သိရပါတယ်။

 

လက်ရှိ ပဲခူး-ရန်ကုန် လမ်းဟောင်းရှိ ပဲခူးမြို့တွင်း လမ်းပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတဲ့အတွက် ကားများ ဖြတ်သန်းသွားရောက်လို့ မရတော့သလို အမြန်လမ်း ၃၉ မိုင်မှ ဘုရားကြီးဘက်သွားရာလမ်း ဘောနက်ကြီးဂိတ်အနီးနားမှာ ရေကြီးနေတဲ့အတွက် ကားသေးများ သွားလာဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ရထားလမ်းတွေ ရေနစ်မြုပ်မှုတွေဖြစ်နေလို့  ဧရာဝတီတိုင်း၊ မွန်ပြည်၊ ပဲခူး၊ မန္တလေးတို့ကို ပြေးဆွဲနေတဲ့ ရထားခရီးစဥ်တွေလည်း ဖျက်သိမ်းထားရတယ်လို့ သိရပါတယ်။

 

ရန်ကုန် – မော်လမြိုင်ရထားခရီးစဥ်၊ ရန်ကုန် – မန္တလေးရထားခရီးစဥ်၊ ပဲခူး – ရန်ကုန် ရထားခရီးစဥ်၊ ပုသိမ်-ကြံခင်း ရထားလမ်းနေရာအများစုနဲ့ မြစ်ကူးတံတားတချို့ ရေကျော်နေတဲ့အတွက် ပုသိမ်- ဟင်္သာတ-ကြံခင်း အမှတ် ၁၈၁ အဆန် အမှတ် ၁၈၂ အစုန် လူစီးကုန်တင်အမြန်ရထားခရီးစဥ်တွေကို  လတ်တလော ပြေးဆွဲမှု ရပ်နားထားတယ်လို့ မြန်မာ့မီးရထားဌာနထံမှ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်