ကလေးမှာ စစ်ကောင်စီတပ် လုံခြုံရေးတင်းကျပ်၊ နေအိမ်တွေ ရှောင်တခင် ဝင်စစ်

Author ဆလိုင်း
Categories
Published on Jul 29, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေ နေရာယူပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

အဲဒီက စမ်းမြို့၊ အောင်သစ္စာ၊ မင်္ဂလာဥယျာဉ်၊ တာဟန်း၊ ကြို့သုံးပင် စတဲ့ရပ်ကွက်များရှိ နေအိမ်များကို ဇူလိုင် ၂၆ နဲ့ ၂၇ ရက်နေ့တို့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

“စမ်းမြို့ ရပ်ကွက်ဘက်မှာ ၂၆ ရက်နေ့က စစ်တပ်၊ ရဲတွေက နေ့လယ်အချိန်လောက်မှာ အိမ်ထောင်စုစာရင်းတွေကို လိုက်လံစစ်ဆေးသွားပါတယ်။ ဘာအတွက်စစ်ဆေးတာလဲ မသိသေးဘူး။ လူအင်အားအများပြားနဲ့ စစ်ဆေးသွားတာပါ။ တာဟန်းရပ်ကွက်မှာတော့ ၂၇ ရက်နေ့က စစ်ဆေးတယ်။ ပြီးတော့ မနေ့က လူအင်အားအများအပြားနဲ့ မြို့ထဲမှာ စစ်တပ်က ကင်းပတ်နေပါတယ်” လို့ စမ်းမြို့ရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၂၈ ရက်ကလည်း တပ်နဲ့ ရဲအင်အား အများအပြားနဲ့ ကလေးမြို့တွင်း ကင်းပတ်နေတယ်လို့ ၎င်းက ပြောပါတယ်။

 

ချင်းလူမျိုးတွေ နေထိုင်တဲ့ တာဟန်းရပ်ကွက်က ဒုတိယလမ်းသွယ်ထောင့်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက နေရာယူ၊ တပ်စွဲထားပြီး အရပ်သားတွေဆီက ငွေတောင်းခံတာမျိုးတွေလည်းလုပ်ဆောင်နေတယ်လို့ အဲဒီရပ်ကွက်နေဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်သားတွေ၊ ရဲတွေက လမ်းသွားလမ်းလာ အရပ်သားတွေဆီက စစ်ဆေးသလိုလုပ်ပြီးတော့ ငွေတောင်းနေပါတယ်။ ငွေသုံးသောင်းလောက်ပါရင် နှစ်သောင်းခွဲကို လုယူသွားပါတယ်။ တောင်းပန်လို့လည်းမရဘူး။ အဲဒီလို နေ့ခင်းရော၊ ညဘက်ရော တောင်းနေကြတာပါ” လို့ ၎င်းက ပြောပါတယ်။

 

ကလေးမြို့မှာ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီတပ်က မြို့လုံခြုံရေးအကြောင်းပြကာ မြို့တွင်း စစ်ဆေးရေးတွေပြုလုပ်ပြီး အရပ်သားတွေဆီကနေ ငွေညှစ်၊ ငွေတောင်းခံတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမူကွန်ရက်

 

ပုံစာ – ကလေးမြို့တွင်း တစ်နေရာကို တွေ့ရစဥ်