လားရှိုး စတိုးဆိုင် ဖောက်ထွင်းနေသူ ၃၀ ဦးကို MNDAA ဖမ်းမိပေမဲ့ ပြန်လွှတ်
ရှမ်းမြောက်၊ လားရှိုးမြို့၊ ရပ်ကွက် ၇ က စတိုးဆိုင်ဖောက်ထွင်းနေသူ ၃၀ ဦးကို ယမန်နေ့ ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီခန့်မှာ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ပြန်လွှတ်လိုက်တယ်လို့ ကိုးကန့်တပ် MNDAA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
MNDAA ရဲ့ ရှေ့တန်းအလုပ်အဖွဲ့က အဲဒီရပ်ကွက်ထဲ ကုန်စည်သယ်ဆောင်လာသူများကို မသင်္ကာလို့ လိုက်လံစုံစမ်းစစ်ဆေးခဲ့ရာမှ ရပ်ကွက် ၇၊ ၁၄ လမ်းရှိ နေအိမ်တစ်အိမ်မှ ဖောက်ထွင်းသယ်ဆောင်လာတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့က ဖောက်ထွင်းသူ ၃၀ ဦးခန့်ကို မဖမ်းဆီးဘဲ ပညာပေးစကားဆိုပြီးနောက် မောင်းထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
MNDAA ရဲ့ စည်းရုံးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး Mr.Qi Guang Shun က ခိုးယူသူတွေကို ဘယ်လိုအခက်အခဲကြုံတွေ့နေပါစေ မခိုးယူသင့်ကြောင်းနဲ့ ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားတယ်လို့ ပြောပါတယ်။
အဲဒီနောက် ခိုးယူကုန်ပစ္စည်းများကို အနီးရှိလူများရဲ့ အကူအညီနဲ့ အိမ်ထဲပြန်ထည့်ပေးခဲ့တဲ့အပြင် တံခါးသော့ပြန်ခတ်ပြီး ဖောက်ထွင်းဝင်ရောက်ခိုးယူခြင်းမှ ကာကွယ်ရန် သတိပေးစာကပ်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။
လတ်တလော လားရှိုးမြို့တွင်း မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များနဲ့ တိုးမြှင့်ချထားသလို ကင်းလှည့်နေပြီး ခိုးဆိုးလုယက်တာကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမယ်လို့ ၎င်းက ပြောပါတယ်။
လားရှိုးမြို့ခံများအနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်ရှိပါက MNDAA တပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များက ကူညီဖြေရှင်းပေးမယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လတ်တလော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်ကလည်း အဲဒီသတင်းကို ငြင်းဆိုခဲ့ပြီး ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
MNDAA ဘက်က မြို့တွင်း ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေပြီး မြို့တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MNDAA