မြင်းမူက LPDF မီးလောင်ဗုံးထုတ်လုပ်အောင်မြင်

Author မင်းထက်
Categories
Published on Jul 29, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ စွန်ရဲ Revolution Force က မီးလောင်ဗုံးထုတ်လုပ်အောင်မြင်ပြီလို့ အဲဒီတပ်ဖွဲ့ ဒုခေါင်းဆောင်က CJ Platform သို့ ပြောပါတယ်။

 

“အသုံးမပြုသေးပါဘူး။ အသုံးပြုဖို့အတွက် တိုက်ပွဲတွေဖော်တော့မှာပါ။ အမြန်ထုတ်လုပ်ထားရတာဖြစ်ပါတယ်။ ဘာလို့လဲဆို ကျွန်တော်တို့အထိုင်စခန်းက ပျူရွာနဲ့ နီးကပ်နေလို့ပါ” လို့ ဒုခေါင်းဆောင်က ပြောပါတယ်။

 

ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရွာတိုက်ပွဲများ၊ စစ်ကောင်စီရဲ့ စခန်းငယ်များနဲ့ ဂိတ်များ သိမ်းဆည်းရာမှာ မီးရှို့ဖျက်ဆီးနိုင်ဖို့ ထုတ်လုပ်လိုက်ခြင်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

 

အဲဒီမီးလောင်ဗုံးဟာ ၁၀ မိနစ်ခန့်အထိ လောင်ကျွမ်းချိန်ရှိလို့ လောင်အားပြင်း မီးလောင်ဗုံးဖြစ်တယ်လို့ အထက်ပါ ဒုခေါင်းဆောင်က ပြောပါတယ်။

 

အဲဒီမီးလောင်ဗုံးကို ၁၄ ရက် နှစ်ပတ်ခန့်ကြာ အချိန်ယူထုတ်လုပ်ခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၈ ရက်မှာ အောင်မြင်စွာထုတ်လုပ်နိုင်ပြီလို့ စွန်ရဲ Revolution Force က ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။

 

အဲဒီမီးလောင်ဗုံးတစ်လုံးထုတ်လုပ်စရိတ်မှာ ကျပ်ခြောက်သောင်းအထက်ရှိနေလို့ ရန်ပုံငွေလိုအပ်ချက်ရှိနေသလို မီးများများဆွဲကာ အဝေးပစ်ထုတ်လုပ်နိုင်ဖို့ စနက်တံလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

မီးလောင်ဗုံးကို ပုလင်းနဲ့ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပထမဆုံး စမ်းသပ်ရာမှာ ပုလင်းပေါက်ကွဲကာ ရဲဘော် နှစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“ရဲဘော်တွေကတော့ သက်သာနေပါပြီ။ ပုလင်းစလေးတွေ မှန်တာဆိုတော့ သိပ်တော့မစိုးရိမ်ရပါဘူး” လို့ စွန်ရဲ Revolution Force ဒုခေါင်းဆောင်က ဆက်ပြောပါတယ်။

 

စွန်ရဲ Revolution Force အဖွဲ့ဟာ Myinmu Revolution Force(MMRF)အဖွဲ့ကနေ လွန်ခဲ့တဲ့ မတ်လ လေးလခန့်က ခွဲထွက်ပြီး ရဲဘော်အသစ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – စွန်ရဲ့ Revolution Force