ရွှေဘိုမှာ ရိက္ခာပို့စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်

Author မင်းထက်
Categories
Published on Jul 29, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေက စစ်ကောင်စီရဲ့ ရိက္ခာပို့စစ်ကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဘက်က သိရပါတယ်။

 

ဇီးဖြူကုန်းပျူစခန်းမှ ညောင်ကိုင်းကျေးရွာသို့ပို့ဖို့ ရိက္ခာတွေတင်ဆောင်လာတဲ့ ကားနဲ့ ထော်လာဂျီထွက်လာတဲ့ စစ်သားနဲ့ ပျူ ပူးပေါင်းအင်အား ၆၀ ခန့်ရှိ စစ်ကြောင်းကို လမ်းခုလတ်တစ်နေရာမှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ကြရင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အပြန်အလှန်ပစ်ခတ်မှုအပြင် ထနောင်းကိုင်းကျေးရွာ ရွာထိပ်တံတားမှာ တော်လှန်ရေးအင်အားစုဘက်က ​ဒရုန်းဗုံးသီး ၃၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

“အခုတစ်ကြိမ်က ဒီရက်ပိုင်းဖြတ်တောက်ပစ်ခတ်တာလေးကြိမ်မြောက်ပါ။ ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိနိုင်ပြီး ဆက်လက်စိစစ်နေဆဲပါ” လို့ ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်းရဲ့ စစ်ရေးသတင်းပြန်ကြားရေးတာ၀န်ခံက CJ Platform ကို ပြောပါတယ်။

 

အဲဒီတိုက်ပွဲတွင်း စစ်ကောင်စီစစ်​ကြောင်းက လက်နက်ကြီး ခုနစ်ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ရာ နှမစားရစ်ကျေးရွာမှ စစ်ရှောင်ပြည်သူ အသက် ၅၀ နှစ်အရွယ်  အမျိုးသားတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

“ဆေးကုသမှုခံယူနေတယ်။ ဒဏ်ရာကတော့ မများဘူးဗျ။ အစ စင်သွားတာ။ သက်သာပါတယ်ဗျ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်း တပ်ခွဲ( ၁) (Guardian Force) ၊ တပ်ခွဲ(၂) (Warlord Defense Force)၊ တပ်ခွဲ(၃)(Snake Eye PDF)နဲ့အတူ Dragon Urban Guerrilla Force(DUGF)၊ Fire Dragon PDF(Khin Oo)တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းမှ တည်သီးတောပျူစခန်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ရန် ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်သားနဲ့ ပျူ ပူးပေါင်းစစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်းတပ်ခွဲတွေအပါအဝင် တော်လှန်ရေးမဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်သား သုံးဦးသေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်း