လှိုင်သာယာမှာ စစ်ကောင်စီပတ်ကင်းယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

Author ကိုထက်
Categories
Published on Jul 29, 2024

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီပတ်ကင်းယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ HAND GOD’s FORCE အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ပုသိမ်လမ်းမပေါ် ဗိုလ်ချုပ်မှတ်တိုင်နဲ့ အဆင်မြင့်မှတ်တိုင်ကြားမှာ စစ်ကောင်စီပတ်ကင်းယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီ အဖွဲ့တာဝန်ရှိသူက CJ Platform သို့ ပြောပါတယ်။

 

“သူတို့(စစ်ကောင်စီတပ်သား)တွေ သွားလာနေကျ ကားတွေပါပဲ။ DC ကားပါမယ်။ FAW ကားလည်းပါမယ်ပေါ့။ အဲဒါကို အသေအချာဗုံးထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့အခြေအနေကိုတော့ စုံစမ်းဆဲပါ” လို့ ၎င်းက ပြောပါတယ်။

 

ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ချက်ချင်းလုပ်တယ်လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

 

“မနက်က အလုပ်သွားတာ။ အလုပ်က ဆိုက်ကမဆင်းရတာနဲ့ ပြန်လာကြရင်း အဆင်မြင့်နားမှာအစစ်ခံရတာ။ ဗုံးပေါက်သွားလို့ လို့ပြောတယ်။ အိတ်တွေကိုစစ်တာ” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မှော်ဘီထွေအုပ်ရုံးထဲ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို Yangon Army အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့  ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးလောင်ခဲ့ပါတယ်။

 

ဇွန်လ ၃ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံအား ‌ဗုံးခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့  Slayers of Tyrants တပ်ခွဲမှ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – HTY Information