ပဲခူး ရေဘေး လူသောင်းနဲ့ချီ ကယ်ဆယ်ရေးစခန်းများထံ တိမ်းရှောင်နေရ

Published on Jul 29, 2024

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာလို့ လူပေါင်း သောင်းနဲ့ချီ ဘေးလွတ်ရာကယ်ဆယ်ရေးစခန်းများထံ တိမ်းရှောင်ခိုလှုံနေကြရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြရတာလို့ ဒေသခံများက ဆိုပါတယ်။

အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ မဟာမြိုင်နဲ့ ထန်းတောကြီး စတဲ့ရပ်ကွက်တွေအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၃၀ ကျော်နဲ့ ပဲခူးမီးရထားဝန်းထဲက အိမ်နေတွေလည်း ရေကြီးနစ်မြုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် အဲဒီက ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေကြရတယ်လို့ မီးရထားဝန်းထဲမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အခန်းတွေရေဝင်လာလို့ နေမရတော့ဘူး။ ကျွန်တော်တို့က ခု ဘုန်းကြီးကျောင်းမှာနေတယ်။ ရေရှောင်သူများတယ်။ ကျွန်တော်တို့တည်းတဲ့ ဘုန်းကြီးကျောင်းမှာတင် ရာချီတယ်။ နည်းတာမဟုတ်ဘူး။ ကလေးတွေကတော့ ဖျားနာနေကြတယ်။ အကုန်လုံးက ခက်ခဲနေကြတာပါပဲ။ မနေ့ကတော့ တစ်အိမ်ထောင်ကို ကြက်ဥပြုတ်နဲ့ ထမင်းတစ်ထုပ်စီဝေတယ်။ လူများတော့ အိမ်ကပါလာတဲ့ဆန်လေး ချက်စားရတယ်” လို့ ၎င်းက ပြောပါတယ်။

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေတဲ့အပြင် မှော်ကန်၊ ပန်းလှိုင်နဲ့ ပုဏ္ဏားစုတို့ဘက်မှာပါ ရေတွေဝင်လာနေပြီး ရေအတက်မြန်နေတယ်လို့ မှော်ကန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

“အဆိုးဆုံးက ဇိုင်းတောင်၊ ဇိုင်းမြောက်ပဲ။ ရေတွေက တစ်ရပ်ကျော်တယ်။ ဒီဘက်ကျ သဲအိတ်တွေနဲ့ ကာထားတာဆိုတော့ နည်းနည်းတော်သေးတယ်။ တဖြည်းဖြည်းနဲ့တော့ တက်လာနေပြီ။ ရွှေ့ပြောင်းဖို့တော့ ပစ္စည်းတွေ ပြင်ဆင်ထားတယ်။ တစ်ရပ်ကျော်မြုပ်နေတဲ့ ရပ်ကွ‌က်တွေကတော့ အကူအညီတွေ တော်တော်လိုအပ်နေတယ်” လို့ သူမက ပြောပါတယ်။

 

အဲဒီလို မြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကျေးရွာတွေက ရေဘေးရင်ဆိုင်နေရသူ လူဦးရေ ၂၀,၀၀၀ ခန့်ဟာ ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၂၀ ကျော်မှာ ယာယီနေထိုင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ပဲခူးမြစ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၈၈၀ စင်တီမီတာရှိပြီး ဒီကနေ့ (ဇူလိုင် ၂၉ ရက်) မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ၁,၀၀၀ စင်တီမီတာအထိရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ၄ လက်မခန့် ထပ်မံမြင့်တက်နိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ပဲခူးမြို့၊ မဟာမြိုင်ရပ်နဲ့ လမ်းမပေါ် ရေကြီးနစ်မြုပ်နေတာကို တွေ့ရစဉ်