နောင်ချိုနဲ့ မိုးမိတ်မှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ၊ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

Author ကိုထားဝယ် 
Categories
Published on Jun 29, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပဉ္စမနေ့ ဇွန် ၂၉ ရက် ဒီနေ့မှာတော့ ရှမ်းမြောက်က နောင်ချိုနဲ့ မိုးမိတ်တို့မှာ စစ်ကောင်စီနဲ့ တအောင်းတပ် TNLA တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PSLF/TNLA ရဲ့ နေ့လယ်ခင်း သတင်းထုတ်ပြန်ချက်အဖြစ် ဖော်ပြလာပါတယ်။

 

တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့နယ်မှာ မနက် ၅ နာရီခန့်က လွယ်ဝိန်းတောင်ရှိ စကခ(၂၁)နဲ့ ခလရ ၂၂၃ တပ်စခန်း၊ ၅ နာရီ ၂၀ မိနစ်ခန့်က ရွှေဆာလီကျေးရွာ၊ ၇ နာရီ ၂၅ မိနစ်ခန့်က လယ်ကြီးရှိ စကခ ၂၁ နဲ့ ခမရ ၃၄၈ တပ်စခန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အလားတူ နောင်ချိုမြို့ မှာ မနက် ၄ နာရီ ၄၀ မိနစ်ခန့်က ခမရ ၆၀၆ စခန်း၊ မနက် ၇ နာရီခန့်က ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခလရ ၁၄၆ စခန်းမှ စစ်သား အလောင်း ဆယ်လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် အဲဒီထုတ်ပြန်ချက်ထဲ မနေ့ ဇွန်လ  ၂၈ ရက် ညနေ ၇ နာရီ ၄၅ မိနစ်ခန့်က ကျောက်မဲမြို့ အင်ဂျင်းတောင်ရပ်မှာ လေကြောင်းကနေ ပေါင်  ၅၀ဝ ဗုံးဖြင့် တစ်ကြိမ်၊ ည ၁၂ နာရီ ၄၅ မိနစ်ခန့်က တော့ဆန်ရွာမှာ ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးတို့ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦးဒဏ်ရာရခဲ့လို့ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA