မိုးကုတ်မြို့ကို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းက ‌‌ဗုံးကြဲတိုက်ခိုက်နေ၊ စစ်ကောင်စီရဲ့ အောင်သာယာနဲ့ အာကာမိုးတပ်စခန်းကို သိမ်းပိုက်ရာမှာ အလောင်း ၁၀လောင်းနဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

Author အဂ္ဂ
Categories
Published on Jun 29, 2024

တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ကို ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့သာမက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ဇွန် ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မိုးကုတ်မြို့ အနောက်ပိုင်းကနေ တိုက်ပွဲ‌တွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မိုးကုတ် အရှေ့ပိုင်းမှာပါ တိုက်ပွဲတွေပြင်း ထန်လာတဲ့အထိ စစ်ဘောင်ကျယ်လာခဲ့တာလည်း ဖြစ်ပါတယ်။

 

“Drone နဲ့ကြည့်နေတာ၊ တိုက်လေယာဉ်သံလည်းကြားတယ်၊ အသံ (ပစ်ခတ်သံ)ကလည်း နည်းလာသလိုပဲ၊ ကျွန်တော်ကတော့ ကုတင်အောက်မှာ ရှိတယ်” လို့ တိုက်ပွဲဖြစ်ရာအနီးမှာရှိနေတဲ့ မိုးကုတ်အရှေ့ပိုင်းက ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မိုးကုတ်တိုက်ပွဲ ငါးရက်မြောက်ပြီဖြစ်တဲ့ ဒီကနေ့မှာတော့ မိုးကုတ်အရှေ့ပိုင်းက ရပ်ကွက်အတော် များများမှာသာမက အနောက်ပိုင်းမှာပါ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေကြား ထိ‌တွေ့တိုက်ပွဲ တွေ ပြင်းထန်နေခဲ့တာပါ။

 

ဒီကနေ့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သား နေအိမ် ထိခိုက်ပျက်စီးတာ၊ လူသေဆုံးမှုတွေရှိနေတာကို မိုးကုတ်ဒေသခံတွေက တယ်လီဂရမ်ဂရုမှာ တင်နေကြတာရှိပေမယ့် CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

 

“ဘုရားငါး‌ဆူနား ပစ်နေတယ်ထင်တာပဲ၊ အပြန်အလှန်ပစ်နေကြတာ၊ လေယာဉ်တွေလည်းဝဲတယ်၊ ဒရုန်းတွေရောပဲ၊ ဘယ်သူ့ဘက်က ဒရုန်းလဲတော့ မသိဘူး၊ မီးမလာတာလည်း နှစ်ရက်ရှိပြီ၊ WiFi က‌တော့ ရသေးတယ်၊ ဖုန်းလိုင်းတချို့တော့ မရတော့ဘူး” လို့ အခြားအရှေ့ပိုင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဒီကနေ့တိုက်ပွဲအခြေအနေကို  CJ Platform ကိုရှင်းပြပါတယ်။

 

TNLA ဘက်ကလည်း ဒီကနေ့ညနေမှာပဲ မိုးကုတ်မြို့ နေရာအနှံ့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန် ၂၅ ကနေ ဇွန် ၂၈ အထိ လေးရက်အတာအတွင်း မိုးကုတ် အနောက်ပိုင်းတိုက်ပွဲအတွင်းမှာ အရပ်သားနေအိမ် အနည်းဆုံး (၁၃) လုံးပျက်စီးခဲ့ရပြီး အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့လည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတယ်လို့  TNLA ကထုတ်ပြန်ထားပါတယ်။

 

TNLA ပူးပေါင်းတပ်တွေဟာ မိုးကုတ်မြို့နယ်အတွင်းက ‌‌ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းနဲ့ မိုးကုတ်(ကျပ်ပြင်) ရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ် တယ်လို့လည်း သိရပါတယ်။

 

တပ်မဟာ (၂)စစ်ဒေသ မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီရဲ့ အောင်သာယာနဲ့ အာကာမိုး တပ်စခန်းကို  ဒီနေ့ ညနေ (၃း၅၅)အချိန် တအာင်းတပ်မတော်TNLAက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီ အလောင်း(၁၀)လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

 

TNLA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မိုးကုတ်ဗျူဟာကလည်း မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်‌တွေနဲ့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် မြို့နေလူထုကို တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။

 

လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတချို့က လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ရှိတဲ့ကြားကနေပဲ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေကြတာတွေရှိသလို အများစုကတော့ မြို့ထဲမှာပဲ ပိတ်မိနေဆဲဖြစ်တယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။

 

ရုပ်သံ – TNLA