စစ်ကောင်စီကို ပြန်တွန်းလှန်ဖို့ ဆားလင်းကြီးရဲစခန်းက ရဲတစ်ဦး တော်လှန်ရေးအဖွဲ့ဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

Author မင်းထက်
Categories
Published on May 29, 2024

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတစ်ဦး ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ လက်နက်ခဲယမ်းနဲ့တကွ တော်လှန်ရေးအဖွဲ့ဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ Salingyi Revolution Eagles အဖွဲ့ဆီက သိရပါတယ်။

 

အလင်းဝင်လာတဲ့ ရဲတပ်သား ထူးကောင်းဆက်ဆိုသူဟာ အလင်းဝင်ရောက်လိုပြီး စစ်ကောင်စီကို ပြန်တွန်းလှန်ဖို့ တော်လှန်ရေးထဲပါဝင်သွားမယ်ဆိုတဲ့စိတ်နဲ့ ဆက်သွယ်လာတာကြောင့် PDF ရဲဘော်တွေက သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

“လက်ရှိ စကစဘက်က လက်နက်မဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာတွေကို လက်မခံနိုင် တော့တဲ့အတွက်ရယ်၊ ထွက်လာတဲ့စခန်းမှာ အနိုင်ကျင့်ဗိုလ်ကျမှုတွေရှိတဲ့အတွက်ကြောင့် အလင်း၀င်လာတာလို့ အဲဒီရဲတပ်သားက ပြောပါတယ်။ လွတ်မြောက်နယ်မြေသွားမလားမေးပါတယ်။ သူကတော့ SRE အဖွဲ့ထဲမှာပဲနေပြီး စကစကို တော်လှန်မယ်ပြောပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ(၄) Salingyi Revolution Eagles အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီ ရဲတပ်သားဟာ ရဲလုပ်သက်တစ်နှစ်ခွဲရှိပြီး G3 တစ်လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် တစ်ခုပါ ယူဆောင်လာတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့မှ သီးသန့်ချီးမြှင့်ဖို့ အစီစဉ်ရှိသလို  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ NUG ဘက်ကလည်း ချီးမြှင့်ဖို့ စာတင်ပေးထားပါတယ်လို့ ဆက်ပြောပါတယ်။

 

တော်လှန်ရေးကာလအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)ကို အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား လေးဦးရှိပြီး သေနတ် ၆ လက် လက်ခံရရှိထားတယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

 

ဓာတ်ပုံ – Salingyi Revolution Eagles