ရာသီဥတုမကောင်းသေးလို့ ထို့ကော်ကိုးလမ်းအသုံးပြုခွင့် ယာယီပိတ်ထားဆဲလို့ ကရင် PC အဖွဲ့ဆို
အာရှလမ်းမကြီး ပိတ်ထားတာကြောင့် ရန်ကုန်-မြဝတီ သွားလာနိုင်တဲ့ တောင်ပေါ်မြေလမ်းတစ်ခုဖြစ်သော ထို့ကော်ကိုးလမ်းပိုင်းကို ရာသီဥတုအခြေအနေကြောင့် အသုံးပြုလို့မသင့်တော်သေးတဲ့အတွက် ယာယီပိတ်ထားဦးမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ငြိမ်းချမ်းရေးတပ် KNU/KNLA-PC က အရာရှိတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်ရှိမှာ ထို့ကော်ကိုးလမ်းပိုင်းအပါအဝင် မြဝတီမြို့ကို သွားလာနိုင်တဲ့လမ်းတွေအဖြစ် နယ်ခြားစောင့်တပ်(၁၀၁၈)တပ်က ဖောက်လုပ်ပေးထားတဲ့ ၁၀၁၈ လမ်း(အရပ်အခေါ် ၁၈ လမ်း)နဲ့ သက္ကတေရွာဘက်မှ ဖောက်လုပ်ထားတဲ့လမ်း(အရပ်အခေါ် ကြက်ဥတောင်လမ်း)တို့ကို ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုနေရပါတယ်။
ဒီလမ်းတွေဟာ တောင်တက်တောင်ဆင်းလမ်းဖြစ်ပြီး ရာသီဥတုပြောင်းလဲတာနဲ့အမျှ အသုံးပြုသွားလာဖို့ ခက်ခဲတာကြောင့် ထို့ကော်ကိုးလမ်းကို ယာယီပိတ်ထားရတာလို့ KNU/KNLA-PC အရာရှိက ဆိုပါတယ်။
“ပိတ်တယ်လို့ပြောလို့ရတာကတော့ (မေ)၂၆ ရက်နေ့ကတည်းကပါ။ တက်လာတဲ့ ကားသစ်တွေ လက်မခံနိုင်ဘူးပေါ့။ တခြားလမ်းတွေအဆင်ပြေရင် သွားကြပါ။ လက်ရှိတောင်ပေါ်လမ်းမှာလည်း မိုးရွာလို့ လမ်းကတအားပျက်တော့ ပိတ်မိနေတဲ့ ကားတွေကို အရင်လွှတ်ပေးနိုင်အောင်ကြိုးစားနေကြတယ်။ တချို့လည်း လွတ်ပြီ။ တချို့လည်းကျန်သေးတယ်။ ရာသီဥတုကောင်းမှပဲ ပြန်ပေးသွားနိုင်မယ့်အခြေအနေမှာတော့ ရှိနေတယ်ရော” လို့ ၎င်းက CJ Platform ကိုပြောပါတယ်။
ဒီလိုမျိုး မိုးရွာသွန်းမှုများပြားတာကြောင့် ကားတွေရှေ့ဆက်မတက်နိုင်ဘဲ လမ်းမှာတင် ပိတ်မိကာ ညအိပ်ရတာမျိုးတွေဟာ တစ်ရက်နှစ်ရက်မကရှိတာကြောင့် တပ်ဖွဲ့အနေနဲ့ လိုအပ်တဲ့ စားစရာအချို့နဲ့ သောက်စရာတွေကို ခရီးသည်တွေနဲ့ ကားသမားတွေဆီ ဝေမျှကူညီပေးခဲ့ရတာမျိုးတွေရှိတယ်” လို့ KNU/KNLA-PC အရာရှိက ဖြည့်စွက်ပြောကြားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုတဲ့ အာရှလမ်းမကြီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်ကာ တဖန်ပြန်ပိတ်ထားတာကြောင့် KNU/KNLA-PC တပ်ဖွဲ့ထိန်းချုပ်တဲ့ မြဝတီ-ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်း၊ နယ်ခြားစောင့်တပ် (၁၀၁၈) ဖောက်လုပ်တဲ့ (၁၀၁၈ ခေါ် ၁၈ လမ်း) နဲ့ ကြက်ဥတောင်လမ်းတွေကို ကုန်စည်စီးဆင်းဖို့အတွက် အသုံးပြုသွားလာနေကြရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မေ ၂၄ ရက်ကစတင်ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်း မိုးကြီးခဲ့ပြီး ကရင်ပြည်ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ မုန်တိုင်းရှိန်ကြောင့် ကရင်ဒေသထဲ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတွေ ကြုံခဲ့ကြရပါတယ်။
ရုပ်သံ- လူမှုကွန်ရက်
ပုံစာညွှန်း- ထို့ကော်ကိုး လမ်းပိုင်းတစ်နေရာတွင် လမ်းပျက်စီးမှုကြောင့် ကားများရပ်တန့်စောင့်ဆိုင်းနေရသည်ကို မြင်ရစဉ်