EU ဒဏ်ခတ်ခံထားရတဲ့ စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးမောင်းဟာ ကွယ်လွန်

Author ဆလိုင်း
Categories
Published on May 29, 2024

ဥရောပသမဂ္ဂ(EU)ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူတွေထဲပါဝင်တဲ့ စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ချင်းအမျိုးသား ဦးမောင်းဟာသည် မေလ ၂၅ ရက်နေ့က နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

သူဟာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့ လူငါးဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံရှိရာ ကျေးရွာဇာတိဖြစ်ပြီး သူရဲ့ဖခင်ဟာ နယ်ချဲ့တော်လှန်ရေး ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးဖြစ်ပါတယ်။

 

စစ်ကောင်စီအကြံပေးပုဂ္ဂိုလ်ဟာ မေလ ၂၅ ရက်နေ့က နေပြည်တော်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ မိသားစုဝင် တစ်ဦးက CJ Platform သို့ အတည်ပြု ပြောကြားပါတယ်။

 

“ဟုတ်ပါတယ်။ ဘကြီးက နေမကောင်းဖြစ်တာ အတော်ကြာပါပြီ။ အခုလည်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာပါ” လို့ သူက ဆိုပါတယ်။

 

ဦးမောင်းဟာ ကွယ်လွန်အချိန်မှာ အသက် ၇၁ နှစ်ခန့်ရှိပြီး သူဟာ စစ်ကောင်စီထံမှာ ၃ နှစ်နဲ့ ၃ လ ကျော်အထိ တာဝန်ထမ်းဆောင်ရင်း မေလ ၂၅ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။

 

စစ်ကောင်စီထံ တာဝန်ထမ်းဆောင်စဉ် ဦးမောင်းဟာသည် ချင်းပြည်နယ် ဝဥကုမ္ပဏီအတွက် ချေးငွေရရှိရေးနဲ့ စက်ရုံသုံး လျှပ်စစ်ဓါတ်အားအတွက် Transformer တပ်ဆင်နိုင်ရေး စစ်ကောင်စီ အစည်းအဝေးမှာ တောင်းဆိုပေးခဲ့သူလည်းဖြစ်တယ်လို့ မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“သူက ချင်းပြည်နယ်က ဝဥ ကုမ္ပဏီအတွက်၊ ဝဥ တောင်သူတွေအတွက် ချေးငွေရဖို့ စစ်ကောင်စီ အစိုးရဆီ အကြိမ်ကြိမ် တောင်းဆိုပေးဖူးတယ်။ ပြီးတော့ စက်ရုံသုံး လျှပ်စစ်ဓါတ်အားအတွက် Transformer တပ်ဆင်ရေးအတွက်လည်း တောင်းဆိုပေးခဲ့သူလည်းဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

ဒါပေမဲ့ သူကွယ်လွန်သွားချိန်အထိ ဝဥကုမ္ပဏီနဲ့ တောင်သူတွေဆီ တောင်းဆိုချက်တွေ ဘာတစ်ခုမရသေးဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ဦးမောင်းဟာကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မဟာသရေစည်သူဘွဲ့ကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

 

ဦးမောင်းဟာသည် ဥရောပသမဂ္ဂ EU ရဲ့ စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူဒဏ်ခတ်တဲ့ ပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

 

သူဟာ မြန်မာ့စီးပွားရေး ဗဟိုဘဏ်ရဲ့ မန်နေဂျာ အငြိမ်းစား တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် နိုင်ငံတကာ မင်းတပ် ချင်းလူမျိုးစုအသင်းက ကန့်ကွက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ