စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေး၊ စီးပွားရေးပျက်စီးအောင် နိုင်ငံတကာက အရေးယူပိတ်ဆို့နေမှုကို လက်မခံဘူးလို့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၂၅ ခုဆို

Author ကိုထားဝယ်
Categories
Published on May 29, 2024

မဲလိမ်တယ်ဆိုပြီး တစ်ဖက်သတ်စွပ်စွဲချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြန်လည်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးထိခိုက်ပျက်စီးအောင် နိုင်ငံတကာက အရေးယူပိတ်ဆို့နေမှု(Santions)များကို လက်မခံကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ခုက ပြောဆိုလိုက်ကြပါတယ်။

 

မနေ့ မေ ၂၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းကြံ့ခိုင်ရေးရုံးမှာ စစ်ကောင်စီလက်ဝေခံ နိုင်ငံရေးပါတီတွေဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု(Sanctions)များကို ကန့်ကွက်ရှုတ်ချတာနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ကြတာပါ။

 

အဲဒီလို Sanctions ရှုတ်ချပွဲကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံပါတီရဲ့ ကန့်ကွက်ရှုတ်ချမှု ၂၅ ပါတီပူးတွဲထုတ်ပြန်မှာကို သဘောတူတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာတဲ့ပါတီ တာဝန်ရှိသူတွေက တညီတညွှတ်တည်းဆိုခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

 

အင်အားကြီးနိုင်ငံအချို့နဲ့ ကမ္ဘာ့အဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအပေါ် စာနာမှု၊ ကူညီမှု၊  စောင့်ရှောက်ပေးမှုမရှိဘဲ စစ်ကောင်စီ(နိုင်ငံတော်လို့သုံးခဲ့)က ကြိုးပမ်းဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို  နှောင့်နှေးရပ်တန့်စေရန်၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေရန်နဲ့ နိုင်ငံရေး/စီးပွားရေး/ပြည်သူလူထု အကြပ်အတည်းဖြစ်စေရန် နည်းလမ်းမျိုးစုံနဲ့ အရေးယူပိတ်ဆို့မှု(Sanctions)များ ပြုလုပ်လာတာကို တွေ့ရှိရတယ်လို့ အဲဒီဆွေးနွေးပွဲမှာ စစ်တပ်အာဏာသိမ်းပြီးမှ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်လာသူ ဦးခင်ရီက ပြောပါတယ်။

 

“ပိတ်ဆို့မှုတွေကို မိမိတို့လက်မခံပါကြောင်း၊ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးကြဖို့နဲ့ ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေအမှန်ကို မူတည်စဉ်းစားပြီး ဝိုင်းဝန်းကူညီကြဖို့နဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု(Sanctions)တွေကို လုံးဝ(လုံးဝ)လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများ ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်မှာဖြစ်ပါတယ်” လို့ ဦးခင်ရီက ဆိုပါတယ်။

 

သူတို့ရဲ့ ပူးတွဲသဘောထားထုတ်ပြန်မှာကို တက်ရောက်လာတဲ့ပါတီတွေကလည်း သဘောတူတယ်လို့ပြောကြပြီး ပါတီတွေ မတူညီကြပေမဲ့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုးကို ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအားလုံးကို ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာအပြီး ၎င်းတို့အရှက်တကွဲရှုံးနိမ့်မှုသေချာသွားပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဟာ မဲစာရင်းနဲ့ မဲခိုးခဲ့တယ်ဆိုပြီး စာရင်းတွေလိမ်လည်ထုတ်ပြန်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ကြတာပါ။

 

ဒါနဲ့ပတ်သက်ပြီး စစ်တပ်ကို စာရင်းတွေ ပြုစုဖို့နဲ့ ထုတ်ပြန်ဖို့ကိုလည်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေက အသည်းအသန်တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပါတီအနေနဲ့ ပထမဆုံး မဲလိမ်လည်မှုစာရင်းဆိုပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

 

အဲဒီနောက် စစ်တပ်ကို သူတို့ရဲ့ စည်းရုံးတိုက်တွန်းမှု အောင်မြင်သွားပြီးနောက် စစ်တပ်က NLD ရဲ့ မဲလိမ်လည်မှုစာရင်းဆိုပြီး နေ့စဉ်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီဘက်က မဲစာရင်းလိမ်လည်မှုစာရင်းတွေကို ထုတ်ပြန်မှုရပ်တန့်ခဲ့ပြီး အဲဒီတုန်းက သတင်းမီဒီယာတွေရဲ့ ‘ဘာလို့ မဲလိမ်လည်မှုစာရင်းကို ဆက်မထုတ်ပြန်တော့တာလဲ”ဆိုတဲ့မေးခွန်းကို ပါတီ ပြောရေးဆိုခွင့်ရှိသူတွေက စစ်တပ်က ထုတ်ပြန်နေပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ ထုတ်ပြန်မှုရပ်တန့်လိုက်တာဖြစ်တယ်။ သူတို့ရရှိထားတဲ့ စာရင်းတွေကိုလည်း စစ်တပ်ဆီကို ပေးခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။

 

NLD ပါတီ အာဏာရလာပြီးနောက် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံကြီးတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အမြောက်အမြားကို ပြန်လည်ဖြေလျှော့ပေးခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းအပြီး အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခံခဲ့ရပါတယ်။

 

ဓာတ်ပုံ – USDP