ထိုင်းက စံချိန်တင်ကွန်ဒိုခန်းရောင်းချမှုစာရင်းမှာ မြန်မာ ဒုတိယချိတ်၊ ကျပ်သိန်းပေါင်း ၂၇,၀၀၀ ကျော်တန်ဖိုးရှိ ကွန်ဒိုခန်း ၄၀၀ နီးပါး မြန်မာနိုင်ငံသားတွေဝယ်ယူထား

Author အဂ္ဂ
Categories
Published on May 28, 2024

စစ်အာဏာသိမ်းမှုဒဏ်ကြောင့် တိုင်းပြည်စီးပွားပျက်နေတဲ့ မြန်မာနိုင်ငံက အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်ထဲ ဝယ်ယူသူဒုတိယအများဆုံးနေရာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသားတွေကို နာမည်ခံခိုင်းပြီး ထိုင်းဘတ်ငွေ သန်း ၂၂၀၀ (မြန်မာကျပ်သိန်း ၂၇,၀၀၀ ကျော်)(မေ ၂၈ ရက်ပြည်တွင်းထိုင်းဘတ်ငွေပေါက်ဈေး တစ်ဘတ် ၁၂၃ ကျပ်ဖြင့် တွက်ချက်ထား)တန်ဖိုးရှိ ကွန်ဒိုခန်း ၄၀၀ နီးပါးကို ဝယ်ယူထားတာဖြစ်တယ်လို့ တွက်ချက်မှုအရ သိရပါတယ်။

 

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်ရဲ့ ယခုနှစ် ပထမသုံးလအတွင်း ကွန်ဒိုဈေးကွက်ထဲ နိုင်ငံခြားသား ဝယ်လက်တွေကြောင့် ကွန်ဒိုခန်းလက်လွှဲရောင်းချရမှုသမိုင်းမှာ စံချိန်တင်ရောင်းချရမှု ဖြစ်ခဲ့တယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ(REIC)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီ နိုင်ငံခြားသားတွေစာရင်းမှာတော့ ရုရှားနိုင်ငံကို ကျော်ပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့နောက် ဒုတိယနေရာကို တက်လှမ်းလာတာပါ။

 

နိုင်ငံခြားသား ဝယ်လက်တွေဆီ လွှဲပြောင်းရောင်းချပေးလိုက်ရတဲ့ ထိုင်းနိုင်ငံတဝှမ်းက ကွန်ဒိုခန်းအရေအတွက်နဲ့ တန်ဖိုးဟာ ယခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နှစ်အလိုက်ဆိုရင် ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ REIC က ဖော်ပြထားပါတယ်။

 

သုံးလအတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်းအရေအတွက်ဟာ (၃၉၃၈) ခန်းအထိရှိပြီး တန်ကြေးအားဖြင့် ထိုင်းဘတ်ငွေ (၁၈) ဘီလီယံအထိရှိတယ်လို့ သိရပါတယ်။

 

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာရယ်၊ တချို့နိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်နေတာတွေရယ်က နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေတွေ ဝယ်ယူဖို့ ဆွဲဆောင်နိုင်တဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်မယ်ထင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ၂၀၂၄ ရဲ့ ပထမ သုံးလပတ်အတွင်း ကွန်ဒိုခန်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယနေရာမှာ ပထမဆုံးအကြိမ်အဖြစ်ရပ်တည်နေတဲ့ အချက်ပါပဲ” လို့ REIC ရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဗီချိုင်း ဗီရက်ကာပန်(Vichai Viratkapan)က ဆိုပါတယ်။

 

ထိုင်းနိုင်ငံတဝှမ်းက ကွန်ဒိုခန်းဝယ်ယူမှုအရေအတွက်နဲ့ တန်ဖိုးမြင့်ဆုံး ဝယ်ယူသူတွေရဲ့စာရင်းမှာ မြန်မာနိုင်ငံသား ဝယ်လက်တွေဟာ ၂၀၂၂ ခုနှစ်ကတည်းက ထိပ်တန်း (၁၀) နိုင်ငံထဲမှာ ပါဝင်ခဲ့ပြီး ယခုနှစ်မှာ ထိပ်တန်း ၃ နိုင်ငံစာရင်းထဲဝင်သွားခဲ့တာပါ။

 

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အရေအတွက်အားဖြင့် ဆဋ္ဌမ၊ တန်ဖိုးအားဖြင့် တတိယနေရာမှာ ရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ နှစ်မျိုးစလုံးမှာ စတုတ္ထနေရာအထိ တက်လာခဲ့ပါတယ်။

 

၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာတော့ မြန်မာနိုင်ငံဟာ ဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပြီး ပထမ နေရာမှာရှိနေတဲ့ တရုတ်နိုင်ငံနောက်မှာ နှစ်အတော်ကြာတဲ့ထိ ရပ်တည်နေခဲ့တဲ့ ရုရှားနိုင်ငံကို ကျော်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“မကြာသေးခင်က တာ့ခ်ခရိုင် မဲဆောက်ကို ကျွန်တော်ရောက်တော့ ခရိုင်တွင်းက အထပ်နိမ့်အိမ်တွေ အတော်လေး ရောင်းကောင်းနေတာကို တွေ့ရပြီး အားလုံးကို ထိုင်းနိုင်ငံသားနာမည်နဲ့ ငွေသားတွေနဲ့ ဝယ်ယူထားကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံကလူတွေဟာ ဘေးကင်းတဲ့ နေရာတစ်ခုကို ရှာဖွေနေကြပါပဲ” လို့ မစ္စတာ ဗီချိုင်းက ပြောပါတယ်။

 

ယခုနှစ် ပထမသုံးလပတ်အတွင်းမှာ တရုတ်နိုင်ငံသား ဝယ်လက်တွေဟာ ကွန်ဒိုခန်းပေါင်း (၁၅၇၆) ခန်း တန်ကြေးအားဖြင့် ထိုင်းဘတ်ငွေ ၇ ဒသမ ၅၇ ဘီလီယံတန်ဖိုးအထိ ဝယ်ယူခဲ့ကြပြီး မြန်မာနိုင်ငံသား ဝယ်လက်တွေက ကွန်ဒိုခန်းပေါင်း(၃၉၂)ခန်း တန်ကြေးအားဖြင့် ထိုင်းဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံဖိုးအထိ ဝယ်ယူခဲ့ပြီး တတိယနေရာမှာ ရှိနေတဲ့ ရုရှားနိုင်ငံသား ဝယ်လက်တွေကတော့ ထိုင်းဘတ်ငွေ (၉၂၄) သန်းဖိုး တန်ကြေးရှိတဲ့ ကွန်ဒိုခန်းပေါင်း (၂၉၅) ခန်းကို ဝယ်ယူခဲ့ကြပါတယ်။

 

အဲဒီနောက်မှာတော့ အမေရိကန်၊ ထိုင်ဝမ်၊ ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံတဝှမ်း ကွန်ဒိုခန်းဝယ်ယူမှု အများဆုံးနိုင်ငံ (၁၀) နိုင်ငံစာရင်းမှာ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

 

ဆန့်ကျင်ဘက်အားဖြင့် ထိုင်းတစ်နိုင်ငံလုံးရဲ့ အိမ်ခြံမြေဈေးကွက် ရောင်းဝယ်ဖောက်ကားမှု အရေအတွက်နဲ့ တန်ဖိုးကတော့ သုည ဒသမ ၆ ရာခိုင်နှုန်း (ဝ.၆) နဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပြီး အဲဒီပမာဏဟာ ကွန်ဒိုခန်းအားဖြင့် (၂၃,၅၃၁) ခန်း တန်ကြေးအားဖြင့် ထိုင်းဘတ်ငွေ ၆၃ ဘီလီယံအထိရှိပါတယ်။

 

“ကွန်ဒိုခန်းတွေ ဝယ်ယူနိုင်တဲ့ ငွေကြေးအင်အားမရှိတာကြောင့် ပြည်တွင်းက ဝယ်လိုအားက သိသိသာသာကိုပဲ လျော့ကျသွားရတာပါ။ ဒါက ဘာကိုပြနေလဲဆိုရင် နိုင်ငံခြားက ဝယ်လိုအားသာမရှိရင် ကွန်ဒိုခန်းလက်လွှဲရောင်းချမှုဟာ ဒီထက်ကိုပဲ ပိုပြီး ကြီးမားတဲ့ ဈေးကွက်ကျဆင်းမှုကို ကြုံတွေ့ရမယ်ဆိုတာပါပဲ” လို့ မစ္စတာ ဗီချိုင်းကဆိုပါတယ်။

 

ဓာတ်ပုံ – Varuth Hirunyatheb

 

ကိုးကား – Bangkok Post