ဝမ္မသူးဆေးရုံ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရ

Author ဝက်ဝံနက်
Categories
Published on Apr 29, 2024

ချင်းပြည်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ထပ်မံဗုံးကြဲတိုက်ခိုက်ခံရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform သို့ အတည်ပြုပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံးပျက်စီးခဲ့ရသကဲ့သို့ ဆေးရုံအနီးရှိ လူနေအိမ် ရှစ်လုံးလည်းပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

“အိမ်ခြေပျက်စီးတာက ရှစ်လုံးလောက်ရှိမယ်။ ဗုံးနဲ့ထိသွားတာပေါ့။ ဆေးရုံကလည်း အပေါ်ဆေးရုံရော၊ အောက်ဆေးရုံရော ဘာမှမရှိအောင် ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ချိန်တွင် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူများမှာ တိမ်းရှောင်နေသည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

 

“ရွာတစ်ရွာလုံးကတော့ တိမ်းရှောင်သွားတာပဲခင်ဗျ။ ဆရာဝန်တွေရော၊ သူနာပြုတွေရော၊ လူနာစောင့်တွေရော၊ လူနာတွေရော အကုန်လုံးကတော့ တိမ်းရှောင်ရတာပေါ့နော်။ အနီးနားပတ်ဝန်းကျင်က ရွာတွေကလည်း ရွာထဲမှာမနေတော့ဘဲ တောထဲတောင်ထဲမှာ ရှောင်နေကြတာပဲခင်ဗျ” ဟု ၎င်းက ပြောသည်။

 

 

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ဝမ္မသူးဆေးရုံကို ပထမအကြိမ် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ လေးဦးသာရှိခဲ့ရာမှာ တစ်ဦးထပ်တိုးခဲ့ပြီး သေဆုံးသူ ငါးဦးအထိဖြစ်လာခဲ့သည့်အပြင် ဒဏ်ရာရသူ ၃၀ ဦးအထိရှိခဲ့သည်။ သေဆုံးသူငါးဦးမှာ ဆေးရုံတက်နေသူ အတွင်းလူနာ လေးဦးနှင့် လူနာစောင့် တစ်ဦးတို့ဖြစ်သည်။

 

 

ထိုတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံးနှင့်အတူ ဆေးဝါးနှင့် ဆေးပစ္စည်းအလုံးစုံပျက်စီးထိခိုက်ခဲ့ရသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန(MoH)က ယမန်နေ့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ဧပြီ ၂၅ ရက် ဝမ္မသူးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ MoH က ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် စစ်ကောင်စီက ထပ်မံကျူးလွန်လိုက်သော နောက်ထပ် စစ်ရာဇဝတ်မှုတစ်ခုလည်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

 

အာဏသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၁၂၉၃ ကြိမ် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၃ ခုပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးသေဆုံးသည့်အပြင် ၁၃၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု MoH ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်တပ်၏ လုပ်ရပ်အပေါ် လျစ်လျူရှုမထားဘဲ ထိထိရောက်ရောက် ​မြန်မြန်ဆန်ဆန် တားဆီးအရေးယူပေးရန် NUG/MoH က တောင်းဆိုထားသည်။

 

ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်တောင်ပိုင်းသာမက မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ အားထားကုသရာဆေးရုံတစ်ခုလည်းဖြစ်သည်။

 

ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

 

ပုံစာ – ဧပြီ ၂၈ ရက် လေကြောင်းတိုက်ခံရမှုအပြီး တွေ့မြင်ရသည့် ဝမ္မသူးဆေးရုံမြင်ကွင်း