ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားထိုးစစ်ကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာဟု စစ်ဦးစီးချုပ် ဝန်ခံ ဒွန်းညက်စ်တွင် နယ်မြေများဆက်တိုက်ဆုံးရှုံးနေဟုဆို

Author လင်းနွေဦး
Categories
Published on Apr 29, 2024

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်များတွင် ရုရှားဘက်က ထိုးစစ်ဆင်မှုများကြောင့် ကျေးရွာသုံးရွာရှိ ယူကရိန်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အပြင် မြေပြင်အခြေအနေမှာလည်း ပိုမိုဆိုးရွားလာသည်ဟု ယူကရိန်း စစ်ဦးစီးချုပ်က ဝန်ခံပြောကြားလိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

 

နိုင်ငံအရှေ့ပိုင်း ဒွန်းညက်စ်မ်ဒေသတွင် ရုရှားတပ်များ၏ ထိုးစစ်အရှိန်မြှင့်တင့်လာသည့်အတွက် ယူကရိန်း ကာကွယ်ရေးတပ်များဘက်က ဆက်တိုက်ဆိုသကဲ့သို့ နယ်မြေများလက်လွှတ် ဆုံးရှုံးနေရကြောင်း ယူကရိန်း         စစ်ဦးစီးချုပ် ဗိုလ်ချုပ် အိုလက်ဆန္ဒား ဆာစ်ခ်ယီက ဆိုသည်။

 

“အရှေ့ပိုင်းက အခြေအနေတွေကတော့ ပိုပိုဆိုးလာနေပါတယ်။ ယေဘုယျအနေနဲ့တော့ ရန်သူဘက်က ဒီနယ်မြေမှာ တိုက်ခိုက်ရေးပိုင်းမှာ အောင်မြင်မှုတွေ ရထားပေမဲ့ စစ်ရေးအကျိုးအမြတ်တော့ ရနိုင်ဦးမှာမဟုတ်ပါဘူး” ဟု ယူကရိန်း စစ်ဦးစီးချုပ်က ၎င်း၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ထုတ်ပြန်ပြောကြားထားသည်။

 

ယူကရိန်း စစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်အတွင်း ရုရှားစစ်ဘက်က လက်နက်ကြီးပစ်အားနှင့် လူအင်အားသာလွန်မှုကို ကောင်းစွာအသုံးချကာ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေကြောင်း၊ ပြန်လည်ခုခံရေးအတွက် လက်နက်ခဲယမ်းအထောက်အပံ့များ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စုက ယူကရိန်းသို့ ဒေါ်လာ ၆၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်များ ဖြည့်တင်းထောက်ပံ့ပေးရန် ပြီးခဲ့သည့် ဧပြီ ၂၄ ရက် ဗုဒ္ဓဟူးနေ့က ကန်အထက်လွှတ်တော်က အတည်ပြုသကဲ့သို့ ချက်ချင်းဆိုသကဲ့သို့ ကြာသာပတေးနေ့တွင် သမ္မတ ဂျိုးဘိုင်ဒန်လက်မှတ်ရေးထိုးဆုံးဖြတ်ပေးခဲ့သော်လည်း အဆိုပါလက်နက်ခဲယမ်းများ ယူကရိန်းရှေ့တန်းစစ်မြေပြင်ထံ ရောက်ရှိရန် အချိန်စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

 

ဒွန်းညက်စ်ခ်ဒေသတွင်း ကနဦး ခံစစ်အစီအစဉ်များ သေချာစွာ ပြင်ဆင်ထားခဲ့သော်လည်း မြေပြင်တိုက်ပွဲများအတွင်း ယူကရိန်းတပ်များ ဆုတ်ခွာနေရကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားက အက်ဒ်ဗစ်ဗ်ကာမြို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ ယူကရိန်းစစ်တပ်၏ ခံစစ်အစီအမံများ အလွန်အထိနာခဲ့ကြောင်း ၎င်း၏ ထုတ်ပြန်ပြောဆိုမှုအတွင်း မှတ်ချက်ပြု ပြောကြားထားသည်။

 

မကြာသေးမီက ယူကရိန်းတပ်များ နိုင်ငံအရှေ့ပိုင်းတွင်ရှိသော ကျေးရွာ သုံးခုမှ ဆုတ်ခွာပေးခဲ့ရကြောင်း၊ လတ်တလော ယူကရိန်းတပ်များ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည့် ချာဆစ်ဗ်ယာ ဧရိယာတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရုရှားတပ်များသည် စစ်ရေးဗျူဟာအရ အရေးကြီးနေရာအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ညီကို ရာထူးမှ ရုတ်တရက်ထုတ်ပယ်ခဲ့ပြီးနောက် ဗိုလ်ချုပ် အိုလက်ဆန္ဒား ဆာစ်ခ်ယီကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အစားထိုးခန့်အပ်ခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင်ခဲ့သော ရုရှား၏ ယူကရိန်း ကျူးကျော်စစ်မှာ ၂ နှစ်ကျော်ကာလအထိ ရှိလာခဲ့ပြီဖြစ်သည်။

 

ယူကရိန်းနယ်မြေ သုံးပုံ တစ်ပုံခန့်ကို သိမ်းပိုက်ထားသော ရုရှားဘက်က ယူကရိန်း၏ ဒုတိယမြို့တော် ခါကစ်ဗ်ကို ဦးတည်ချီတက်တိုက်ခိုက်ရန် အင်အားစုဖွဲ့မှုများ လုပ်ဆောင်ဖွယ်ရှိကြောင်း၊ အမေရိကန်မှ ထောက်ပံ့မည့် စစ်လက်နက်ပစ္စည်းများ ရှေ့တန်းစစ်မျက်နှာပြင်များထံ မရောက်ရှိရေး မီးရထားလမ်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု ယူကရိန်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားထားသည်။

 

ဓာတ်ပုံ -The Hill

 

ပုံစာ – ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တွေ့မြင်ရသည့် ယူကရိန်း သမ္မတ ဇလန်းစကီး

Related News

Depend on news