စစ်ကောင်စီသံခွန်သင်္ဘောကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက် စနိုက်ပါ ၁ ဦးသေ

Published on Apr 29, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မန္တလေးမြို့ဆိပ်ကမ်းအထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ သံခွန်သင်္ဘောကို ဧပြီ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ  ၂၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

စစ်ကောင်စီတပ်သားနှင့် ပြည်သူ့စစ် ၈၀ ဦးခန့်ပါ သံခွန်သင်္ဘောသည် မန္တလေးဂေါဝန်ဆိပ်ကမ်းမှ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာခိုက် မတ္တရာမြို့နယ် ရောက်မဆုတ်ကျေးရွာအနီးတွင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်၌ အာပီဂျီ 7 ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စနိုက်ပါ ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မတ္တရာမြို့နယ်တာဝန်ခံ ဗိုလ်တောက်မှ CJ Platform သို့ပြောသည်။

“ ဧရာဝတီမြစ်ကြောင်းကနေ အထက်ကိုဆန်တက်လာတဲ့ စကစ သံခွန်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့ အဓိက RPG 7၊ လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာ စနိုက်ပါတစ်ဦးသေတယ်” ဟု ၎င်းက ပြောသည်။

 

ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသံခွန်သင်္ဘော၏ စက်ခန်းမီးလောင်ပြီး ရေစီးကြောင်း အတိုင်းမြောပါသွားသော်လည်း စစ်ကောင်စီဘက်မှ ပြန်လည်တိုက်ခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့က မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သား ၂၅ ဦး ကို ဒရုန်းဖြင့်ဗုံးသီးချ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရုပ်သံ – ပေးပို့