ပုလောမြို့ တစ်ဝက်ကို တော်လှန်ရေးတပ်များ ထိန်းချုပ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးထက်ချေမှုန်းနိုင်ခဲ့ဟုဆို

Author မင်းထက်
Categories
Published on Apr 29, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ကို   တော်လှန်ရေးတပ်များက တစ်၀က်ခန့် ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ရေးအရှိန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

” မြို့ပေါ် ရပ်ကွက်တွေကလွဲရင် ကျေးရွာ‌အတော်များများကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားပါ။ မြို့နယ်တစ်ခုလုံးအနေနဲ့ဆို ထက်ဝက်လို့ ပြောရမယ်ခင်ဗျ” ဟု အထက်ပါတာဝန်ရှိသူက CJ Platform သို့ ပြောသည်။

 

ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက နေ့စဉ်နီးပါး ဒရုန်းဖြင့် တိုက်ခိုက်လျက်ရှိသည်။ ယခု ဧပြီလ ပုလောမြို့နယ်အတွင်း စစ်ဆင်ရေးဖော်ဆောင်မှုတွင် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ပလမြို့ ရဲစခန်းကို T2 Drone Team အဖွဲ့က ဗုံးသီး နှစ်လုံး၊ ညနေ ၄ နာရီခွဲခန့်တွင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ဗုံးသီးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

 

“ပလမြို့ရဲစခန်းမှာ သူတို့ဘက်က အင်အား ၆၀ နဲ့ ၈၀ ကြားတပ်စွဲလေ့ရှိတဲ့နေရာပါ။ ပလရဲစခန်းမှာတော့ လက်နက်ကြီး ပစ်ကျင်းထဲ ချခဲ့တာပါ။ အထဲမှာ စစ်ကောင်စီတပ်သား လေးဦးရှိပါတယ်။ ကျင်းထဲ တိုက်ရိုက်ထိတာဆိုတော့ လေးဦးလုံးထိခိုက်မယ့်အနေအထားရှိပါတယ်” ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

အထက်ပါ တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရမှုကြောင့် တပိုနှင့် ဇရပ်ဆိပ်ရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်  ယနေ့နံနက် ဧပြီ ၂၉ ရက်အထိ ရမ်းသမ်းပစ်ခတ်နေခဲ့သော်လည်း အရပ်သားပြည်သူ ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

 

“ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတွေ ဖြစ်နေလို့ ပစ်တယ်လို့ ယူဆရတယ်ခင်ဗျ။ သူတို့ဘက်က တိုက်ခိုက်ခံရရင် ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ လက်နက်ကြီး ပြန်ပစ်တာက ထုံးစံလိုဖြစ်နေပြီလို့‌ ပြောလို့ရတယ်” ဟု   အဆိုပါတာ၀န်ရှိသူက ဆက်လက်ပြောသည်။

 

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ၎င်းတို့ လက်အောက်ခံပျူစောထီးတပ်ဖွဲ့များကို အရှိန်အဟုန်မြင့် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများကို အစဉ်နားစွင့်ထားရန်နှင့် တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လေးစားလိုက်နာပူးပေါင်းပေးပါရန် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တပ်များက မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း