မဲပုံးတွေကို ရဲနဲ့တပ်က လုံခြုံရေးယူပေးထားတာကြောင့် အစိမ်းတွေပဲ နိုင်လိမ့်မယ်လို့ ဦးလှဆွေပြော


စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)နဲ့ (၃) ဆက်လက် ကျင်းပချိန်မှာ မဲပုံးတွေကို ရဲနဲ့တပ်က လုံခြုံရေးယူပေးထားမှာကြောင့် အနီတွေ မလာရဲဘဲ အစိမ်းတွေပဲ လာမှာကြောင့် အစိမ်းတွေပဲ အနိုင်ရလိမ့်မယ်လို့ ကြံ့ခိုင်ရေးပါတီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေက ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားလိုက်ပါတယ်။

 

“ဒုတိယအသုတ်နဲ့ တတိယအသုတ်က ဟို semi insurgent area ရယ်၊ insurgent area ရယ်၊ အဲဒီနေရာတွေမှာ လုပ်မှာ။ ဒီနေရာက တရားဥပဒေစိုးမိုးတဲ့ နေရာဆိုတော့ ခုနကပြောတဲ့ နေရာမှာတောင် ကျွန်တော်တို့က တခြားပါတီတွေကို ဒီလိုပြတ်ပြတ်သားသား နိုင်ထားရင် ဟို insurgent area မှာဆိုလို့ရှိရင် အဲ ရဲနဲ့ တပ်နဲ့ ဒီမဲပုံးကို လုံခြုံရေးလုပ်ပေးထားရမှာဆိုတော့ အဲဒီလို လုံခြုံရေးလုပ်တဲ့နေရာမှာ အနီတွေက မလာရဲဘူးဗျ။ အစိမ်းတွေပဲ လာရဲတာ။ အစိမ်းတွေနဲ့က ပါတနာကျတယ်လေ ဒီ တပ်တွေ ရဲတွေနဲ့က။ အဲတော့ ကျန်တဲ့လူတွေက မလာတာနဲ့ သူတို့ရဲ့ အမျိုးတွေက ပီဒီအက်ဖ်တွေ ဖြစ်နေတာနဲ့ဆိုတော့ တော်ရုံတန်ရုံ မလာတော့ ကျွန်တော်တို့ အစိမ်းတွေပဲ USDP ကပဲ အောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ဦးလှဆွေက ပြောပါတယ်။

 

ဒါ့အပြင် မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲ အပိုင်း(၁)မှာ ဦးလှဆွေဟာ သူ့ရဲ့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေထက် မဲ လေးသောင်းကျော် အပြတ်အသတ်နဲ့ အနိုင်ရထားတယ်လို့လည်း ပြောပါတယ်။

 

“ဥပမာ ကျားဖြူပါတီဆို လေးထောင်ကျော် ရတယ်နော်။ တစည ခြောက်ထောင်ကျော် ရတယ်။ ပီနှစ်လုံးက ခုနစ်ထောင်ကျော်၊ တသီးပုဂ္ဂလက နှစ်ထောင်ကျော်ရတယ်။ ပီသုံးလုံးက ငါးထောင်ကျော် ရတယ်။ ကျွန်တော်ကတော့ လေးသောင်းခွဲရတာပေါ့။ သူတို့ကတော့ မျှပြီးရတာပေါ့။ သူတို့ကတော့ အဲ ငါးထောင်၊ သူတို့က တစ်သောင်းရတဲ့လူ တစ်ယောက်မှ မရှိဘူး။ အဲတော့ ဟို ခုနစ်ထောင်က အများဆုံးပဲ။ အဲ ကျွန်တော်ကတော့ လေးသောင်းခွဲဆိုတော့ သူတို့နဲ့ မဲပြတ်သွားတာပေါ့နော်။ မဲ သုံးသောင်းခွဲလောက် ပြတ်သွားတာပေါ့နော်။ သုံးသောင်းခွဲတောင် မကဘူး။ လေးသောင်းနီးပါး သူတို့က မဲပြတ်သွားတယ်”လို့ ဦးလှဆွေက ဆိုပါတယ်။

 

ဦးလှဆွေဟာ ဒုဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စစ်သားဟောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅ မှာ NLD ပါတီကို မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ အကြောင်းအရာတွေကို အမြဲတမ်းပြောလေ့ရှိသူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရစဉ် တရားရင်ဆိုင်တာ မပြုဘဲ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်