ပင်လောင်းမြို့နယ်က ဆောင်းပြောင်းရွာကို KNDF က မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

Published on May 29, 2025

ရှမ်းပြည် (တောင်ပိုင်း) ပင်လောင်းမြို့နယ်က ဆောင်းပြောင်းရွာကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေက ယမန်နေ့ မေလ ၂၈ ရက်နေ့မှာ နေအိမ်တွေ မီးလောင်ပျက်စီးနေတဲ့ ရုပ်သံနဲ့တကွတင်ပြီး ပအိုဝ်းလူမျိုးတွေနဲ့ ကယားလူမျိုးတွေကြား လူမျိုးရေး အမုန်းပွားအောင် လှုံ့ဆော်ရေးသားနေပါတယ်။

 

ဒါကြောင့် စစ်ကောင်စီလော်ဘီတွေ တင်ထားတဲ့ ရုပ်သံကို စစ်ဆေးပြီး အဆိုပါ သတင်းမှန်မမှန်ကို CJ Platform က OSINT Tools တွေကိုအသုံးပြုပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။

 

စစ်ကောင်စီလော်ဘီတွေဟာ ယမန်နေ့ မေလ ၂၈ ရက်နေ့မှာ “ပင်လောင်းမြိုနယ်၊ လုံးပျဥ်ကျေးရွာအုပ်စု ဆောင်းပြောင်းအနီး ကျေးရွာအားလုံးရှိ ပအိုဝ်းပြည်သူများ စုဆောင်းထားသောဆန် ၊စပါးများနှင့် အိမ်သုံးပရိဘောဂများ ခိုးယူကာ အိုးအိမ်းများကို မီးရှိဖျက်ခဲ့ကြတဲ့အကြမ်းဖက်KNDF။ တစ်ချိန်က ကယားပြည်နယ် စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာများပေးဝေလှူဒါန်းခဲ့ကြသော ပအိုဝ်းကျေးရွာ ပအိုဝ်းပြည်သူများကို KNDF  ကယားပဒက်တွေ ပြန်ပြီး ဒုက္ခပေးခဲ့တယ်။” ဆိုတဲ့ ဖော်ပြမှုနဲ့ အတူ နေအိမ်တွေ မီးလောင်ပျက်စီးနေတဲ့ ရုပ်သံနဲ့တကွ လူမျိုးရေးအမုန်းပွားအောင် လှုံဆော်ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

 

ရွှေနေကြာချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/385bhzzm

 

Tha Zin Oo ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/3a9r9nup

 

စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ ရုပ်သံကို စစ်ဆေးကြည့်ရာမှာတော့ အဆိုပါ ရုပ်သံကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ Khun Thu Sein ဆိုတဲ့ Facebook Page တစ်ခုက တင်ထားတဲ့ ရုပ်သံ ဖြစ်ပြီး ဆောင်းပြောင်းဒေသ တပတ်တာ တိုက်ပွဲအတွင်း နေအိမ်တွေ ရစရာ မရှိအောင် ဖြစ်သွားတယ်လို့ ရေးသား ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

 

Khun Thu Sein Facebook Page ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/f559d7mu

 

အဆိုပါ ရုပ်သံအရ ဆောင်းပြောင်းရွာတွင်းက နေအိမ်တွေ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံကို ရိုက်ကူးခဲ့သူဟာ ပအိုဝ်းပြည်သူစစ်အဖွဲ့ (PNO/ PNA) ရဲဘော်တွေက ရိုက်ယူထားတာကို‌ တွေ့မြင်နိုင်ပြီး ဆောင်းပြောင်းရွာ ဟာလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲ ပါဝင်နေသလို စစ်ကောင်စီနဲ့ PNA တို့ ပူးပေါင်းတပ်စွဲထားရာ နေရာဖြစ်လည်း ဖြစ်ပါတယ်။

 

ရုပ်သံထဲတွင်ပါဝင်သည့် PNA ရဲဘော်၏ Screenshot ကို ကြည့်ရှုရန် –  https://tinyurl.com/245s27xz

 

လတ်တလော ဆောင်းပြောင်းဒေသတဝိုက် စစ်ရေးအခြေအနေတွေကို ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လိုက်လံရှာဖွေပြီး စစ်ဆေးကြည့်ရာမှာလည်း ဆောင်းပြောင်းရွာ တဝိုက်မှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေနဲ့  KNDF ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ရာကနေ  စတင်ပြီး အဆိုပါ ဒေသတဝိုက်မှာ လက်ရှိ အချိန်ထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။

 

ယမန်နေ့မှာပဲ DVB သတင်းဌာနကလည်း ဆောင်းပြောင်းအနီးမှာ PNO နဲ့ KNDF တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး PNO နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ လက်နက်တချို့ကို KNDF ဘက်က သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

 

ဒါ့အပြင် ပြီးခဲ့ထဲ့ မေလ ၂၆ ရက်နေ့မှာ ခေတ်သစ်သတင်းဌာနကလည်း ဆောင်းပြောင်းရွာအနီးမှာ မေလ ၁၇ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အထိနာပြီး အပြင်းအထန်ခုခံနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဖော်ပြပါတယ်။

 

လူထုနွေဦး သတင်းဌာနကတော့ ဆောင်းပြောင်းရွာ တိုက်ပွဲမှာ PNO ဘက်က ဗိုလ်မှူးခွန်ထွန်းပေါ်အပါအဝင် အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ပအိုဝ်းလူငယ် ဆယ်နဲ့ချီသေဆုံးပြီး စစ်တပ်နဲ့ PNO ပူးပေါင်းတပ်ဘက်က အထိနာနေတယ်လို့ မေလ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

 

ဆောင်းပြောင်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်းကိုလည်း စစ်ကောင်စီလော်ဘီတွေဘက်က ဖော်ပြမှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။

 

DVB သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/3u5pkh4a

 

ခေတ်သစ် သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/t9su58rr

 

လူထုနွေဦး သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/bde9rvx5

 

ဆောင်းပြောင်းတိုက်ပွဲပြင်းထန်နေကြောင်း စစ်ကောင်စီလော်ဘီ Kyaw Swar ချန်နယ်ရဲ့ ဖော်ပြထားမှုကို ကြည့်ရှုရန် – https://tinyurl.com/dx5uxxpj

 

ဆောင်းပြောင်းရွာ တည်ရှိရာ ပင်လောင်းမြို့နယ်ဟာ နေပြည်တော်ကို တိုက်ရိုက်သွားနိုင်တဲ့ နေရာ ဖြစ်တဲ့အတွက် စစ်ရေးအရ အရေးပါပြီး တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီနဲ့ PNO တပ်တွေဟာ လေကြောင်းကနေ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာအပြင် တပ်စွဲထားရာ ရွာတွေထဲက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခေတ်သစ် သတင်းဌာနက ဖော်ပြထားတာကြောင့် အဆိုပါ ဖော်ပြချက် မှန် မမှန်ကိုလည်း CJ Platform က ထပ်မံစိစစ်ခဲ့ပါတယ်။

 

ဆောင်းပြောင်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီလော်ဘီတွေရဲ့ ရေးသားဖြန့်ဝေမှုတွေကို အရင်ဆုံး စိစစ်ကြည့်ရာမှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ ဆောင်းပြောင်းရွာကို စစ်ကောင်စီဘက်က နယ်မြေရှင်းနေပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေး အင်အားစုတွေ အထိနာနေတယ်လို့ ရုပ်သံနဲ့ တကွ ရေးသားဖော်ပြထားတာတွေကို တွေ့ရှိရပါတယ်။

 

Surveillance Justin ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/m8mkua8z

 

Kyaw Swar ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/msek842x

 

ဒါကြောင့် စစ်ကောင်စီလော်ဘီတွေရဲ့ ဖော်ပြချက်တွေအရ ဆောင်းပြောင်းရွာက လူနေအိမ်တွေ မီးလောင်မှုဟာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အထိနာနေတဲ့ ဆောင်းပြောင်းဒေသကို စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ ဒရုန်းတွေပါ သုံးပြီး တိုက်ခိုက်ခဲ့တာတွေကြောင့် ပိုပြီး ဖြစ်နိုင်ခြေရှိတာကိုတွေ့ရပါတယ်။

 

ဒါ့ပြင် ဆောင်းပြောင်းရွာကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ် ပိုပြီး သေချာအောင် စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှုတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ၂၄ ရက်နေ့ ဖော်ပြချက်တွေကို စိစစ်ကြည့်ရာမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း အထောက်အထားတွေ ထပ်မံ တွေ့ရှိရပါတယ်။

 

လေယာဉ်ပျံသန်းမှု အခြေအနေကို စိစစ်ရာမှာလည်း ဆောင်းပြောင်းရွာရဲ့ တည်နေရာနဲ့ အနီးဆုံးမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို အဓိကထားစဉ်းစားပြီး အချက်အလက်တွေကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်ပြောင်းရွာနဲ့ အနီးဆုံးမှာ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း၊ တောင်ငူလေတပ်စခန်းနဲ့ ရှမ်းတဲ လေတပ်စခန်းတို့ ရှိတာကြောင့် မေလ ၂၄ ရက်နေ့မှာ အဆိုပါ လေတပ်စခန်းသုံးခုက တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ ပျံသန်းမှု အချက်အလက်ကို ထည့်သင်းတွက်ချက်ခဲ့တာလည်း  ဖြစ်ပါတယ်။ အနီးဆုံးလေတပ်စခန်းတွေရဲ့ တိုက်လေယာဉ် ပျံသန်းမှုတွေကိုပဲ စောင့်ကြည့်လေ့လာထားတာ ဖြစ်တဲ့အတွက် တကယ့်မြေပြင်အခြေအနေမှာ အခြေားလေတပ်စခန်းက လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

 

ဆောင်းပြောင်းရွာနဲ့ လေတပ်စခန်း သုံးခု တည်နေရာတွေကို ကြည့်ရှုရန် – https://tinyurl.com/2zzb3hc9

 

Google မြေပုံအရ ဆောင်းပြောင်းရွာဟာ အေလာလေတပ်နဲ့ တောင်ငူလေတပ်တို့ရဲ့ အရှေ့မြောက် အရပ်မှာ တည်ရှိပြီး ရှမ်းတဲလေတပ်ရဲ့ အရှေ့တောင် အရပ်မှာ တည်ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေလ ၂၄ ရက်နေ့ အဆိုပါ လေဆိပ်သုံးခုက တိုက်လေယာဉ်တွေ ဆောင်းပြောင်းရွာဘက် ဦးတည်ပျံသန်းမှုတွေကို စစ်ဆေးကြည့်ရာမှာ ဖြစ်နိုင်ခြေအရှိဆုံး လေယာဉ်ပျံသန်းမှု အနည်းဆုံး ၃ ခုရှိတာကို တွေ့မြင်ရပါတယ်။

 

Enemy Air Route ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/5ej36ysa

 

NAS လေကြောင်းရန် ချန်နယ်‌ ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/mtmu6yjd

 

NAS လေကြောင်းရန် ချန်နယ်‌ ဖော်ပြမှုကို ကြည့်ရှုရန်-  https://tinyurl.com/k9fb8ajj

 

အထက်ပါ အချက်အလက်တွေအရ ဆောင်းပြောင်းရွာက နေအိမ်တွေ မီးလောင်ပျက်စီးမှုဟာ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မဟုတ်ဘဲ စစ်ကောင်စီရဲ့ လေကြောင်းကနေ လေယာဉ်နဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

 

စစ်ကောင်စီလော်ဘီတွေ ယမန်နေ့က စပြီး  ဖြန့်ဝေလာတဲ့ ရုပ်သံ စတင်ပေါ်ထွက်လာတဲ့ မေလ ၂၇ ရက်နေ့ မှာလည်း စစ်ကောင်စီရဲ့ အထက်ပါ လေဆိပ်သုံးခုကနေ ဆောင်းပြောင်းရွာဘက်ကို တိုက်လေယာဉ် ပျံသန်းမှုဟာ အနည်းဆုံး ငါးကြိမ်ထက်မနည်းရှိတာကိုလည်း စစ်ကောင်စီရဲ့ လေကြောင်းပျံသန်းမှုကို ခြေရာခံ စောင့်ကြည့်နေတဲ့ Enemy Air Route, Wai Hin နဲ့ Nation Air Scout စတဲ့ တယ်လီဂရမ် ချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဒါကြောင့် ယမန်နေ့ မေလ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြတဲ့ ဆောင်းပြင်းကျေးရွာကို KNDF တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ နေအိမ်မီးလောင်မှုတွေကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ ပုံစံရောက်အောင် ပြန်လည် တင်ဆက်ထားတဲ့ ပြုပြင်စီမံတင်ဆက်ချက်ဆိုတဲ့ သတင်းအမှားသာ ဖြစ်တယ်ဆိုတာကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။