စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ DKBA ထိန်းချုပ်ရာနယ်မြေအတွင်းက စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ယမန် မေလ ၂၈ ရက် ညမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ အင်အား ၇၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ စစ်ကူစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီးနောက် ညပိုင်းမှာ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
“ဟုတ်တယ်နော်။ ကနဲလေးစခန်းကို သိမ်းလိုက်ပြီနော်။ အသေးစိတ်အခြေအနေတော့ ပြောလို့မရသေးဘူးနော်။ ညကတည်းက သိမ်းလိုက်တာပါ။ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတုန်းပါ” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ယမန်နေ့ညမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိမှာတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်အတွင်းရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ မြဝတီ၊ ဘုရားသုံးဆူနဲ့ ပဲခူးတိုင်းအတွင်းရှိ KNU ထိန်းချုပ်ရာနယ်မြေတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – KNLA