ပဲခူး-ရိုးမအစပ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ် ပဲခူး-ရိုးမအစပ်ရှိ ထန်းပင်ကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ (၄) ဆီက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရရှိကာ အထိနာခဲ့ပြီး သေဆုံးသူတွေကို သယ်ဆောင်ကာ နောက်တစ်နေ့ နေ့လယ်အာရုံတက်ချိန်မှာတော့ တိတ်တဆိတ် စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“စစချင်းဘဲ စခန်းကို ကျွန်တော်တို့ ဝိုင်းထားနိုင်တယ်ဗျ။ လက်နက်ချခိုင်းတာလည်း မချဘူးဗျာ — ပေခံနေတာ။ သူတို့က ပိတ်မိနေတာလိုပဲ ဖြစ်နေတယ်။ စစ်ကူထွက်လာတယ်လို့လည်း သတင်းလည်း ရတယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးတယ်” လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ (၄) မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို့) ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုအောင်ဇေယျက CJ Platform ကို ပြောပါတယ်။
အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ဖိနှိပ်ခံခဲ့ရပြီး၊ ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းက သေဆုံးသူတွေကိုပါ သယ်ဆောင်ကာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး စခန်းအတွင်းကနေ ၆၀ မမ အသီး ၁၂ လုံး၊ လက်ပစ်သီး ၅ လုံး၊ ၅ဒသမ၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိခဲ့ကာ စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး စတင်အထိုင်ချတပ်စွဲထားတာဖြစ်ပြီး ဒေသခံပြည်သူတွေကို အဓမ္မငွေကြေးတောင်းခံတာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာတွေ အထိ လုပ်ဆောင်ခဲ့တဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထန်းပင်ကုန်းကျေးရွာက စစ်ကောင်စီအထိုင်စခန်းဟာ ယခင်က သစ်တောဂိတ်ဖြစ်ပြီး နောက်ပိုင်းမှာ ကျေးရွာအတွင်းက နေအိမ်တွေမှာပါ တပ်စွဲနေထိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအထိုင်စခန်းကို သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ (၄) မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို့) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက တစ်ကြိမ် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်သော်လည်း လက်နက်အင်အား မလုံလောက်ခြင်းနှင့် လက်လုပ်သေနတ်များသာ အသုံးပြုသဖြင့် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘဲ၊ ယခု မေလ ၂၆ ရက်နေ့မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို)