၀က်လက်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ရဲ့ အာဏာကြောင့် လွတ်ကင်းနေတဲ့ ခိုးမှုအတွက်  NUG ထံ တရားမျှတစေရေးတောင်းဆို

Author CJ Platform
Categories
Published on Apr 29, 2025

၀က်လက်မြို့နယ် ၊ ဟံလင်းတိုက်နယ်မှာ လွန်ခဲ့သော သုံးလခန့်က  ရွှေငွေလက်၀တ်ရတနာနဲ့ ငွေကြေးခိုးမှု ဖြစ်ပွားခဲ့ပြီး ခိုးယူသူကိုယ်တိုင် ၀န်ခံထားပေမယ့် မြို့နယ်နာယက / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက အာမခံနဲ့ လွှတ်ပေးတာကြောင့် တရားမျှတမှု ပြန်လည်ရယူလို​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ဆီတိုင်ကြားထားတယ်လို့ ဒေသခံတစ်ဦးနဲ့  တိုင်ကြားထားသူတွေဆီက သိရပါတယ်။

 

ယင်းတောကျေးရွာမှာ ဇန်န၀ါရီလ ၁ ရက်နေ့ နံနက်ပိုင်းက လက်၀တ်ရတနာတွေနဲ့  ငွေ ကျပ် ၁၀ သိန်းကို  ကိုသိန်းဇော်ဆိုသူက ဒေသခံအမျိုးသမီးတစ်ဦးရဲ့ နေအိမ်တွင်းမှ  ခိုးယူသွားခဲ့တာ ​ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

” သူ့လည်း ထုတ်ပြဖူးတယ်တဲ့ သူကလောင်းကစားသမားဂျင်သမားလေ ပိုက်ဆံလိုလို့လာပြောချိန် ပိုက်ဆံတော့မရှိဘူးငါ့မောင်ရယ် ရွှေပဲရှိတယ်ဆိုပြီး သေတ္တာကိုဖွင့်ပြတဲ့အချိန် အဲဒီနေရာကို သူသိသွားတာလေ။ လောင်းကစားသမား အသောက်သမားဆိုတော့ စိတ်လဲလွတ်တဲ့ချိန် လွတ်မှာပေါ့လေ” လို့ ဒေသခံ အသက် ၄၀ ခန့်အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကိုသိန်းဇော် က တရားလိုအမျိုးသမီးနဲ့ မောင်နှမ၀မ်းကွဲဖြစ်သလို အိမ်နီးနားချင်းဖြစ်ပြီး နေအိမ်မှာ လူမရှိချိန် ၀င်ရောက်ခိုးယူခဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် အရေးယူဆောင်ရွက်ဖို့ အမှုကိစ္စအတွက် မြို့နယ်အတွင်းတာ၀န်ရှိသူတွေဆီ အဆင့်အဆင့် တိုင်ကြားခြင်းတွေ ဆောင်ရွက်ခဲ့ပေမယ့်ထိရောက်တဲ့ အရေးယူခြင်း ဆောင်ရွက်ခြင်း မရှိတာကြောင့် NUG ဆီ တိုက်ရိုက်တိုင်ကြားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

“NUG ဘက်ကတော့ ခုချိန်မှာ ဘယ်လိုမှမနေသေးဘူးဗျ။ အဲဒီအမှုက အမှုဖွင့်လျှက် တန်းလန်းကြီး အမှုကလည်း တရားရုံးမရောက်ဘူးဖြစ်နေတာ ရဲတွေလုပ်စားနေကြတာ။ အဲဒါကြောင့် ဒါကြီးက အထက်တက်သွားတာဗျ။” လို့ အမှုအကြောင်းအရာကို သိရှိထားတဲ့ အထက်ပါ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

(အမျိုးသားညီညွတ်​ရေးအစိုးရအဖွဲ့ဆီ တိုင်ကြားထားတဲ့ တိုင်စာကိုတော့ CJ Platform ရဲ့ Telegram ဖြစ်တဲ့ https://t.me/cjplatform မှာ ဖတ်ရှုနိုင်ပါတယ်)

 

အမှုနဲ့ပက်သက်ပြီးလည်း ခိုးယူခြင်းခံရတဲ့နေ့ကစပြီး ယင်းတောကျေးရွာ ပအဖ တာ၀န်ခံကို တိုင်ကြားခဲ့သလို ပင်းဇင်းတိုက်နယ် ရဲကင်း ပလဖ ကိုပေါက်ပြားထံကိုလည်း ဆက်လက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီတိုင်ကြားမှုတွေမှာ ပင်းဇင်းတိုက်နယ် ရဲကင်း ပလဖ ကိုပေါက်ပြားက အမှုဖွင့် လက်မှတ်ထိုးခိုင်းခဲ့ပေမဲ့ အချိန်နှစ်လခန့်ကြာတဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ရေဖြူကျေးရွာ ပလဖ မြို့မစခန်းမှူး ဦးချစ်ကိုထံ ဆက်လက်တိုင်ကြားခဲ့ပြီးနောက်မှ ကိုသိန်းဇော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းရာတွင် ခိုးယူသည်မှာ မှန်ကန်ကြောင်း၊ ခိုးရာပါ ပစ္စည်းများကို သူ၏ယောက္ခမဖြစ်သူ ဦးကျော်သောင်းနေအိမ်​အနီး ခွေးတောက်ပင် အနောက်ဘက်တွင် မြှုပ်နှံထားကြောင်း ၀န်ခံပြောဆိုခဲ့တယ်လို့ အထက်ပါအမျိုးသားက ရှင်းပြပါတယ်။

 

စစ်ဆေးရာမှာ ပစ္စည်းထားရာသေတ္တာကို သော့ခတ်ထားသော်လည်း ဓားနဲ့ဖျက်ဆီးခဲ့ကြောင်း၊ ပစ္စည်းတွေကို အကြွေးဆပ်ရန် ခိုး၀ှက်ထားကြောင်းနဲ့ သူရဲ့ယောက္ခမအိမ် တောင်ဘက်ရှိ ခွေးတောက်ပင်အနောက်ဘက် နှစ်တောင်ခန့်အကွာမှာတူးပြီး မြှပ်ထားကြောင်းကို CJ Platform က လက်ခံရရှိထားတဲ့ ၀န်ခံချက်အသံဖိုင်က တဆင့်သိရပါတယ်။

 

တရားခံ ကိုသိန်းဇော်က စခန်းမှူး ဦးချစ်ကိုထံမှာ ၀န်ခံထားတဲ့ အသံဖိုင်အပြင် ခိုးယူကြောင်း ၀န်းခံထားသဖြင့် နစ်နာသူနှဲ့ ညှိနှိုင်းရန် ပြောဆိုသည်ကို တရားခံရဲ့ယောက်ဖ ဖြစ်သူက သေအောင်မရိုက်သောကြောင့် ၀န်မခံရန် တိုက်တွန်းပြောကြားထားသည့် အသံဖိုင်ကိုလည်း လက်ခံရရှိထားပါတယ်။

 

အဲဒီလို ၀န်ခံပြောဆိုထားတဲ့ တရားခံကို ၀က်လက်မြို့နယ် ပလဖ တာ၀န်ခံ ဦးမြင့်လင်းက  စစ်ဆေးရန်ရှိတယ်လို့ ပြောဆိုကာ စခန်းမှူး ဦးချစ်ကိုထံက ခေါ်ယူသွားခဲ့ပြီး  ၀က်လက်မြို့နယ် ပအဖ နာယက/ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက အာမခံတာကြောင့်  ၀က်လက်မြို့နယ် ပလဖ တာ၀န်ခံက လွှတ်ပေး/ထုတ်ပေးခဲ့ကြောင်း စခန်းမှူး ဦးချစ်ကို ရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။

 

“ဒါက ပြည်သူတစ်ယောက်အနေနဲ့ ဥပဒေအကြောင်းကို ဘာမှမသိဘူး နားမလည်မတတ်ဘူးဆိုပြီး ဒီလိုဒီလိုလေး ဒါလေးနဲ့ဆိုရင်ပြီးသွားမှာပဲဆိုပြီး သူတို့၀ိတ်ကို သုံးသွားတာပေါ့။ အသိပေးတာလည်း မရှိဘူး။ သူတို့က အထက်လူကြီး အာဏာရှိတယ်ဆိုပြီး ထုတ်သွားတာပေါ့။ အဲဒီအတွက်လည်း လုံး၀မကျေနပ်ဘူး မတရားသဖြင့် လုပ်သွားတယ်လို့လည်း ခံစားရတယ်” လို့ ပစ္စည်းခိုးယူခြင်းခံရတဲ့ အမျိုးသမီးက ပြောပါတယ်။

 

တရားခံကို အာမခံနဲ့လွှတ်ထားပေးသော်လည်း လက်ရှိအချိန် သုံးလခန့်ကြာအထိ ခိုးယူခြင်းခံရတဲ့ ငါးမူးသားခန့် လက်ကောက် ၈ ကွင်း၊ ရွှေဆံကုတ် တစ်ခု၊ လက်စွပ် တစ်ကွင်း၊ ကလေးဆွဲသီး  ၂ ခု ၊ ကလေးလက်ပတ်  ၂ ခု၊ ကျောက်စိမ်းပုတီး တစ် ခု၊ ငွေ ၁၀ သိန်းကျပ်ကို  တရားခံနဲ့ တာ၀န်ရှိသူတွေဘက်က ပြန်လည်ပေးဆောင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

 

ဒါကြောင့် ခိုးမှုကို ၀န်ခံထားတဲ့ တရားခံတစ်ဦးကို ၀က်လက်မြို့နယ် ပအဖ နာယက/ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနဲ့ ၀က်လက်မြို့နယ် ပလဖ တာ၀န်ခံ ဦးမြင့်လင်းတို့အနေနဲ့ ပူးပေါင်းပြီး အာဏာအလွဲသုံးစားပြုလုပ်ကာ မလျော်ကန်သြဇာသုံးခြင်းနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ သိရှိစေရန်နဲ့ မိသားစုရဲ့ ချွေးနဲစာစုဆောင်းထားမှုတွေကို ပြန်လည်ရရှိစေးရေး ဆောင်ရွက်ပေးဖို့ NUG ထံ တိုင်ကြားထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအမှုအခြင်းရာတွေနဲ့ ပတ်သက်ပြီး  ၀က်လက်မြို့နယ် ပအဖနဲ့ ပလဖ တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ရန် CJ Platform က ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်ပြီး NUG ထံကိုတော့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။