ငလျင်တစ်လပြည့်ချိန်ထိ အင်းလေးမှာ ဒေသခံတွေ အိမ်ပြန်ဆောက်ဖို့ အခက်အခဲရှိနေ

Author CJ Platform
Categories
Published on Apr 29, 2025

စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေများခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဒေသခံတွေဟာ နေအိမ်တွေ ပြန်တည်ဆောက်ဖို့အတွက် အခက်အခဲတွေရှိနေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်မှာ အင်းလေးဒေသဟာ နေအိမ်ပျက်စီးတာအပြင် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

မနေ့ မတ်လ ၂၈ရက်နေ့မှာတော့ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဟာ တစ်လပြည့်မြောက်ခဲ့ပြီးဖြစ်ပေမယ့်၊ အင်းလေးဒေသမှာတော့ နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲ တွေရှိနေဆဲတယ်လို့ သိရပါတယ်။

 

“ကူညီကယ်ဆယ်ရေးအပိုင်းတွေကတော့ အဆင်ပြေတယ်ဗျ။ အကုန်လုံးတော့ အခု အဆင်ပြေလုနီးပါးရှိပြီ။ ကျနော်တို့ လက်ရှိဖြစ်နေတာကတော့ အိမ်တွေဘာတွေ ပြန်လည်တည်ဆောက်ဖို့ပေါ့”လို့ အင်းလေးက ငလျင်ဘေးသင့်ဒေသခံတွေကို ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

နေအိမ်တွေပြန်လည်တည်ဆောက်ရာမှာ အိမ်တစ်အိမ်ကို အနည်းဆုံး သိန်း ၃၀အထက် ကုန်ကျပြီး၊ ဆောက်လုပ်ရာမှာလည်း လက်သမားအခက်ခဲရှိနေတယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့လက်ရှိ ပြန်လည်ထူထောင်ဖို့ လက်သမားတွေက‌ အဆင်မပြေဘူးဖြစ်နေတယ်။ ဘာလို့ဆို အိမ်ဆောက်ဖို့အတွက် အိမ်ဆောက်တဲ့နေရာမှာ လက်သမားတွေက အဆင်‌မပြေတာများတယ်”လို့ သူက‌ ဆက်ပြောပြပါတယ်။

 

ယိုင်နဲ့နေတဲ့ နေအိမ်တွေထဲက တချို့ကို ချိန်းဘလောက်ကြိုးတွေနဲ့ ပြန်လည် တည့်မတ်တာမျိုးတွေ ရှိပေမဲ့၊ ဒါဟာ မြေအမာပိုင်းတွေမှာသာ လုပ်လို့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိမှာတော့ နေအိမ်တွေပျက်စီးသွားတဲ့ အင်းလေးဒေသခံအများစုဟာ ကျွန်းမျောတွေပေါ်မှာ ယာယီမိုးကာတဲထိုးပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဧပြီလ ၂၇ရက်နေ့က အင်းလေးမှာ လေပြင်းတိုက်ပြီး မိုးကြီးခဲ့လို့ အင်းလေးဒေသခံတွေရဲ့ ယာယီတဲတွေ ပျက်စီးခဲ့ရပါသေးတယ်။

 

ယခုလိုအခြေအနေမျိုးမှာ လာရောက်လှူဒါန်းပေးတဲ့အလှူရှင်တွေအနေနဲ့ နေအိမ်တွေကို အဓိကလှူဒါန်းပေးဖို့ အင်လေးဒေသခံတွေ ဆန္ဒရှိနေတယ်လို့လည်း ‌အင်းလေးဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဥပမာ ၁အိမ်ကို သိန်း ၅၀လောက်ကုန်မယ်ဆိုရင် ဒီတစ်အိမ်ကို သိန်း ၅၀ဆောက်ပြီးတော့ လှူပေးလိုက်တာပေါ့။ အဲ့လိုမျိုးဆို သူတို့အတွက်လည်းထိရောက်တယ်။ အိမ်လည်းချက်ချင်း ရသွားတယ်ပေါ့နော်။ မဟုတ်ရင် လူအယောက် ၁၀၀မှာ သိန်း ၁၀၀လာလှူတယ်ဆိုရင်၊ လူအယောက် ၁၀၀လုံးက တစ်ယောက်ကို ၁သိန်း၊ ၂သိန်းပဲရသွားမယ်။ အဲ့ ၁သိန်းကသူတို့အတွက် ဝါးဝယ်ဖို့လည်း အဆင်မပြေဘူး၊ သစ်ဝယ်ဖို့ကြတော့လည်း မလုံလောက်ဘူးလေ”လို့ အင်းလေးဒေသခံက ပြောပါတယ်။

 

အင်းလေးဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအပိုင်းမှာတော့ လာရောက်လှုဒါန်းတဲ့ အလှုရှင်တွေရှိတဲ့အတွက် အဆင်ပြေကြတယ်လို့လည်း သိရပါတယ်။

 

ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာ နေအပူချိန်မြင့်တက်မှုကြောင့် ဝမ်းပျက်၊ ဝမ်းလျှောနဲ့ နှာစေး၊ ချောင်းဆိုးတာတွေ အဖြစ်များနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် အင်းလေးဒေသမှာ ကျေးရွာ ၂၅ ရွာက အဆောက်အအုံ ၃၀၀၀ကျော် ပျက်စီးခဲ့ရပြီး လူဦးရေ ၁၀၀ခန့် သေဆုံးခဲ့ရတယ်လို့ Pa-O Youth Organization က ဧပြီလ ၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် အင်းလေးဒေသက ခန့်မှန်းလူဦးရေ  ၂၀၀၀၀လောက်ဟာလည်း ငလျင်ဘေးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ကံသာ – Kan Thar Production