တော်လှန်ရေးအင်အားစုတွေကို ကြောက်ပြီး Non CDM ဆရာမက ကျောင်းပြောင်းဖို့ တောင်းဆို တပ်မှူးက ပညာရေးမှူးကို ထောက်ခံချက်ပေးပြီး ပြောင်းရွှေ့ဖို့ညွန်ကြား

Author CJ Platform
Categories
Published on Apr 29, 2025

စစ်ကောင်စီခန့် Non CDM ကျောင်းဆရာမ တစ်ဦး က တော်လှန်ရေးအင်အားစုတွေကို ကြောက်လန့်လို့ ကျောင်းပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ စစ်ကောင်စီ တပ်မှူးရဲ့ ထောက်ခံချက်နဲ့ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပေးပို့ချက်အရ သိရပါတယ်။

 

Non CDM ကျောင်းဆရာမရဲ့ အမျိုးသားဟာ မိတ္ထီလာမြို့ အမှတ်(၃) ပင်မအလုပ်ရုံ(လျှပ်/စက်) တွင် တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ထူးဇော်ကိုဖြစ်ပြီး သူ့ရဲ့ တပ်မှူးက ကျောင်းပြောင်းဖို့ ညွှန်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

 

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ် မိသားစုအသိုင်းအဝိုင်း နဲ့ ဆက်နွယ် ပတ်သက်တဲ့သူတွေကို စောင့်ကြည့်လေ့လာနေတာကြောင့် သွားလာရာမှာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ကျောင်းပြောင်းလိုတဲ့ အကြောင်းအရင်းကို ထည့်သွင်းရေးသားထားပါတယ်။

 

( CJ Platform က ရရှိထားတဲ့ ကျောင်းပြောင်းရွေ့လိုကြောင်း တင်ပြစာနဲ့ တပ်မှူးရဲ့ ထောက်ခံစာကို CJ Platform ရဲ့ Telegram ဖြစ်တဲ့ ဒီနေရာမှာ https://t.me/cjplatform ကြည့်ရှုနိုင်ပါတယ်)

 

ကျောင်းပြောင်းဖို့ တောင်းဆိုခဲ့တဲ့ ကျောင်းဆရာမ ဒေါ်မိုးသီတာအေးဟာ ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာက အခြေခံပညာအထက်တန်းကျောင်းမှာ မူလတန်းပြတာဝန်ကျသူတစ်ဦး ဖြစ်ပြီး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်က ကျောင်းတစ်ကျောင်းကို နေရာချပေးဖို့ ပညာရေးမှူးရုံးကို စစ်ကောင်စီတပ်မှူးက ထပ်ဆင့်ထောက်ခံချက်နဲ့အတူ ညွှန်ကြားကာ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

 

အဲဒီလို ပညာရေးမှူးကို ညွှန်ကြားတောင်းဆိုခဲ့တဲ့ တပ်မှူးက အမှတ်(၃) ပင်မအလုပ်ရုံ(လျှပ်/စက်)က  ဗိုလ်မှူးကြီး ခင်မောင်ဆွေ ဖြစ်တယ်လို့လည်းသိရပါတယ်။

 

ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရာအိမ်မှူး  ဦးသိန်းနိုင်ရဲ့ နေအိမ်ခြံဝန်း အတွင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်နဲ့  ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဇနီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် ပြီခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ညောင်နီပင်ရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး စိုးသိန်း ဆိုသူတစ်ဦးလည်း သေနတ်နဲ့ သုံးချက်အပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

 

ပေါင်းတည်မြို့နယ်အတွင်းမှာတော့ တော်လှန်အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီက မတ်လ ၂၃ ရက်နေ့ ညသန်းခေါင်ကနေ မနက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်