မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ရွှေဆိုင်းကပ်လှူမှု ရပ်ဆိုင်းမယ်

Author CJ Platform
Categories
Published on Apr 29, 2025

အင်အားပြင်း စစ်ကိုင်းငလျင်အတွင်း ထိခိုက်မှုတွေရှိခဲ့တဲ့ မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ပြန်လည် ပြင်ဆင်နေရာမှာ အဆင်တန်ဆာအချို့ကို ဖြုတ်သိမ်းပြီးနောက် ပြည်သူတွေ ရွှေဆိုင်းကပ်လှူမှုကိုလည်း ရပ်ဆိုင်းထားဖို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မှာကြားထားတယ်လို့ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အတွင်းမှာ မဟာမြတ်မုနိဘုရားကြီး မဏ္ဍိုင်တိမ်းစောင်းခဲ့ပြီး ဘုရားဝန်းအတွင်းရှိ အဆောက်အဦအချို့ ပြိုကျခဲ့တာကို ထွက်ပေါ်လာခဲ့တဲ့ CCTV မှတ်တမ်းတွေအရ သိရပါတယ်။

 

“ဘုရားကြီးကို ရွှေဆိုင်းကပ်လှူတာ ရပ်ဆိုင်ထားဖို့ပြောတယ်၊ ပြီးတော့ အခုပြုတ်ကျသွားတဲ့ အစိတ်အပိုင်းတွေကို ပြန်တပ်ဆင်တာ မလုပ်တော့ဘဲ ပြတိုက်မှာပဲ ထိန်းသိမ်းထားဖို့ ပြောတယ်”လို့ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

 

အင်အားပြင်း မြေငလျင်ကြောင့် နေပြည်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၀ ခုမှာ ဧပြီလ ၂၄ ရက် ကနဦး စာရင်းတွေအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင် ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်