တောင်သာက ရဲတပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီ ဆက်သွယ်ပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ Myingyan Black Tiger (MBT) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားဟာ လက်နက်နဲ့အတူ ပူးပေါင်းပြီး အလင်းဝင်ရောက်လာခဲ့တာကြောင့် MBTတပ်ဖွဲ့ကနေ ဂုဏ်ပြုဆုငွေများပေးခဲ့သလို အခုလို ပူးပေါင်းချိတ်ဆက်မှုအတွက် အထူးပင်ဝမ်းမြှောက်ဂုဏ်ယူ ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီ လက်အောက်ကနေ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့ထံ လာရောက်ပူးပေါင်း ကြဖို့ ဖိတ်ခေါ်ထားသလို MBT ရဲ့ Facebook လူမှုကွန်ရက်ကနေလည်း ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။
Myingyan Black Tiger (MBT)တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်သလို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတဲ့ အပြင် ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ဓာတ်ပုံ – Myingyan Black Tiger (MBT)