မြင်းခြံမြို့နယ်က ထိန်ပန်းရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအမှား

Author CJ Platform
Categories
Published on Apr 29, 2025

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ထိန်ပန်းရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ထိန်ပန်းရွာကို ဗုံးကြဲတိုက်ခိုက်ပြီး နောက်တစ်ရက်မှာပဲ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ထိန်ပန်းရွာကို အကြမ်းဖက်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့  ဖော်ပြခဲ့ပါတယ်။

 

ဒါ့ပြင် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ အာဘော်တွေကို ဖော်ပြနေတဲ့ Positive Angel News (PAN) သတင်းဌာနကလည်း အဆိုပါ ဖြစ်စဉ်ကို ထပ်မံဖော်ပြပြီး ဝါဒဖြန့်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်မှု အခြေအနေနဲ့ ဖော်ပြချက်တွေ မှန်မမှန်ကို CJ Platform သတင်းဌာနအနေနဲ့ စိစစ်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ ထိန်ပန်းရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား လေးဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့  မောင်း သတင်းဌာနက ဧပြီလ ၂၅ ရက်နေ့မှာပဲ သတင်းဖော်ပြခဲ့ပါတယ်။ နောက်ထပ် ပြည်တွင်းသတင်းဌာန တစ်ခုဖြစ်တဲ့ လူထုနွေဦး သတင်းဌာနကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့  ဖော်ပြပါတယ်။

 

မောင်း သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/muzh35jk

 

လူထုနွေဦး သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/32674a2x

 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုအပြီး နောက်ရက်မှာပဲ အဆိုပါ ဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြခဲ့သလို ဖြစ်စဉ်အပြီး သုံးရက်အကြာ ဧပြီ ၂၈ ရက်မှာပဲ စစ်ကောင်စီ အာဘော်တွေ ဖော်ပြလေ့ရှိတဲ့ Positive Angel News (PAN) သတင်းဌာနကလည်း အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေး အင်အားစုတွေဘက်က လုပ်ဆောင်ခဲ့ပြီး အရပ်သား တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ တကွဖော်ပြလာပါတယ်။

 

အဆိုပါ PAN သတင်းဌာနရဲ့ ဖော်ပြချက်ကို စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကလည်း ထပ်ဆင့် ပြန်လည်မျှဝေတာတွေ လုပ်ဆောင်လာတာကိုလည်း စိစစ်တွေ့ရှိ ရပါတယ်။

 

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/2hu5m457

 

PAN သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/4hvrdsd6

 

စစ်ကောင်စီ ဝါဒဖြန့်တယ်လီချန်နယ်တစ်ခုဖြစ်တဲ့ “Snow Queen” ချန်နယ်ရဲ့ ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/jrpvxcbu

 

နောက်ထပ် စစ်ကောင်စီ ဝါဒဖြန့် တယ်လီချန်နယ်တစ်ခုဖြစ်တဲ့ “SURVEILLANCE JUSTIN” ချန်နယ်ရဲ့ ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/4pbuua3f

 

ထိန်ပန်းရွာဖြစ်စဉ်ဟာ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နေ့လယ်ပိုင်းမှာ ဖြစ်ပွားတယ်လို့ သိရပြီး စစ်ကောင်စီ ပြည်ထဲရေးဌာန ဖော်ပြချက်မှာလည်း တစ်နာရီဝန်းကျင်မှာ ဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ထိန်ပန်းရွာကို စစ်ကောင်စီဘက်က ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်း တစ်နာရီဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဟုတ် မဟုတ် အတည်ပြုနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ လေကြောင်းပျံသန်းမှုတွေကို ခြေရာခံပြီး ဖော်ပြပေးနေတဲ့ လေကြောင်းပျံသန်းမှု စောင့်ကြည့်လေ့လာရေး တယ်လီဂရမ်ချန်နယ်တွေကိုလည်း CJ Platform သတင်းဌာနက စိစစ်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ ဧပြီ ၂၅ ရက် လေယာဉ်ပျံသန်းမှု အခြေအနေကို သေချာသိရှိနိုင်ဖို့အတွက် Wai Hin(ဝေဟင်)၊ Enemy Air Route Channel နဲ့ NAS-နပ်စ် လေကြောင်းရန် စတဲ့ လေကြောင်းပျံသန်းမှုတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ်ချန်နယ်သုံးခုကို စိစစ်ခဲ့ပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်ဟာ တစ်နာရီဝန်းကျင်ဖြစ်တာကြောင့် အဆိုပါ ချန်နယ်သုံးခုလုံးရဲ့ ၁၂ နာရီ ၃၀ မိနစ်ကနေ ၁ နာရီ ၃၀ မိနစ်အထိ တစ်နာရီအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှု အားလုံးကို စစ်ဆေးခဲ့ပါတယ်။ လေယာဉ်အမျိုးအစားကိုလည်း မောင်းသတင်းဌာနကို အညာဒေသတော်လှန်ရေး အင်အားစုရဲ့ တာဝန်ရှိသူရဲ့ ပြောကြားချက်ဖြစ်တဲ့ ထိန်ပန်းရွာကို ဗုံးကြဲပြီးနောက်မှာ တော်လှန်ရေး အင်အားစုတွေ ရှိနိုင်မယ့်နေရာကို လေယာဉ်ပေါ်ကနေ ပွိုင့်ဖိုက် (.5) နဲ့ ပစ်ခတ်ခဲ့သေးတယ်ဆိုတဲ့ ပြောဆိုချက်ကို ကိုးကားပြီး တိုက်လေယာဉ် (Fighter Jet) တွေရဲ့ ပျံသန်းမှုတွေကိုပဲ ပိုပြီး စစ်ဆေးခဲ့ပါတယ်။

 

လေဆိပ်တွေကို စိစစ်ရာမှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ထိန်ပန်းရွာရဲ့ ပတ်ပတ်လည် အနီးဆုံးမှာရှိတဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအတွက် အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ လေဆိပ်လေးခုကို အဓိကထားပြီး စိစစ်ခဲ့ပါတယ်။ (ဓာတ်ပုံထဲက အဝါရောင်အမှတ်အသားဟာ ထိန်ပန်းရွာ တည်နေရာဖြစ်ပြီး အပြာရောင်အမှတ်အသားလေးခုက စစ်ကောင်စီလေဆိပ် တည်နေရာတွေ ဖြစ်ပါတယ်။)

 

ထိန်ပန်းရွာနဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းလေးခု တည်နေရာကို ကြည့်ရှုရန် – https://tinyurl.com/52wwhyxm

 

စစ်ကောင်စီရဲ့ လေတပ်စခန်းလေးခုကနေ တိုက်ခိုက်ရေးလေယာဉ် (Fighter Jet) တွေရဲ့ တစ်နာရီအတွင်း ပျံသန်းမှုတွေကို စိစစ်ပြီးနောက်မှာတော့ အခင်းဖြစ်ပွားချိန် တစ်နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေ Fighter Jet တစ်စင်းက ၁ နာရီ ၂ မိနစ်မှာ အနောက်အရပ်ကို ပျံတက်တယ်လို့ NAS တယ်လီချန်နယ်က ဖော်ပြပါတယ်။ Wai Hin တယ်လီချန်နယ်ကတော့ ၁ နာရီ ၄ မိနစ်မှာ Fighter Jet က အနောက်အရပ်ကို ဦးတည်ပျံတက်တယ်လို့ဆိုပါတယ်။

 

စစ်ကောင်စီရဲ့လေတပ်စခန်းလေးခုထဲမှာ တံတားဦးလေတပ်ဟာ ထိန်ပန်းရွာရဲ့ အနီးဆုံးမှာရှိနေသလို လေတပ်စခန်းရဲ့ အနောက်တောင်မကျတကျအနေအထားမှာရှိနေတာလည်း ဖြစ်တာကြောင့် အဆိုပါ လေယာဉ်ဟာ ထိန်ပန်းရွာကို လေကြောင်းတိုက်ခိုက်ဖို့ သွားရောက်တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါ့အပြင် Wai HIn ချန်နယ်ကပဲ ၁ နာရီ ၁၄ မိနစ်အချိန်မှာ မြင်းခြံနယ်တနေရာမှာ ဂျက်ဖိုက်တာ တစ်စီးဝဲနေတယ်လို့ ထပ်မံဖော်ပြခဲ့တာကြောင့် မြင်းခြံမြို့နယ်ထဲက ထိန်ပန်းရွာကို တစ်နာရီဝန်းကျင်မှာ လေကြောင်းကနေ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

 

NAS တယ်လီချန်နယ်ရဲ့ ၁ နာရီ ၂ မိနစ်မှာ တံတားဦးလေတပ်က လေယာဉ်ပျံတက်ကြောင်း ဖော်ပြချက်ကို ကြည့်ရှုရန် – https://tinyurl.com/38veu99s

 

Wai Hin တယ်လီချန်နယ်ရဲ့ ၁ နာရီ ၄ မိနစ်မှာ တံတားဦးလေတပ်က လေယာဉ်ပျံတက်ကြောင်း ဖော်ပြချက်ကို ကြည့်ရှုရန် – https://tinyurl.com/4bsarb9n

 

Wai Hin တယ်လီချန်နယ်ရဲ့ ၁ နာရီ ၁၄ မိနစ်မှာ မြင်းခြံမြို့နယ်တနေရာမှာ ဂျက်ဖိုက်တာ ဝဲနေကြောင်း ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/mwycyzrb

 

အခုလို စိစစ်ပြီးတဲ့နောက်မှာ လက်ရှိ စစ်ကောင်စီပြည်ထဲရေးဌာန၊ စစ်ကောင်စီ အာဘော်အတိုင်ရေးတဲ့ သတင်းဌာနနဲ့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြနေတဲ့ မြင်းခြံမြို့နယ် ထိန်ပန်းရွာကို အကြမ်းဖက်သမားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ် ဆိုတဲ့ ဖော်ပြချက်တွေဟာ သတင်းအမှာတွေသာ ဖြစ်တယ်ဆိုတာကို CJ Platform သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒါကြောင့် အခုသတင်းအမှားဟာ သတင်းအချက်အလက်အစစ်အမှန်၊ ရုပ်ပုံအမှန်တွေကို အသုံးပြုကာ ပြုပြင်စီမံပြီး လှည့်ဖျားဖို့ ရည်ရွယ်ထားတဲ့ “ပြုပြင်စီမံတင်ဆက်ချက်” သတင်းအမှားသာ ဖြစ်ပါတယ်။

 

CJ Platform ရဲ့ ထိန်ပန်းရွာဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီချန်နယ်တွေမှာ ဖော်ပြနေမှုတွေဟာ သတင်းအမှားသာ ဖြစ်တယ်ဆိုတဲ့ စိစစ်တွေ့ရှိချက်ကို ပိုပြီး ခိုင်မာစေတဲ့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီချန်နယ်တချို့ရဲ့ ထိန်ပန်းရွာကို စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချပြီး အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အားရဝမ်းသာ ဖော်ပြချက်တွေကိုလည်း ပူးတွဲဖော်ပြလိုက်ရပါတယ်။

 

စစ်ကောင်စီဝါဒဖြန့် “နေပြည်တော်” အမည်ရှိ တယ်လီဂရမ်ချန်နယ် ဖော်ပြချက် ဖတ်ရှုရန် – https://tinyurl.com/kycp8pek

 

စစ်ကောင်စီဝါဒဖြန့် “Truth Media” အမည်ရှိ တယ်လီဂရမ်ချန်နယ် ဖော်ပြချက် ဖတ်ရှုရန် – https://tinyurl.com/m4juvc4m

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။